ဓာတ်အားအလေအလွင့်မရှိစေရေး ဓာတ်အားသုံးစွဲသူတိုင်းက သတိပြု

 

မြန်မာနိုင်ငံတွင်  နိုင်ငံ့လူဦးရေ၏  ရာခိုင်နှုန်းပြည့်  လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ကို    ရည်မှန်းချက်ထား   ဆောင်ရွက်လျက် ရှိသည်။ လက်ရှိအခြေအနေတွင်မူ  ၆၀ ရာခိုင်နှုန်းကျော်ခန့်သာ ဓာတ်အားသုံးစွဲခွင့်ရရှိနေပြီး ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အနှောင့်အယှက် အဖျက်အဆီးများနှင့်   အခက်အခဲစိန်ခေါ်မှုများကို   ရင်ဆိုင် နေရခြင်းဖြစ်ရာ   ယင်းအနှောင့်အယှက်  အခက်အခဲများကို ကျော်လွှားနိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီမှုများ  လိုအပ်လျက်ရှိသည်။

 


နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုလည်း စနစ်တကျဖြစ်စေ လိုကြောင်း၊  မိမိတို့နိုင်ငံ၏  လျှပ်စစ်စွမ်းအင်လိုအပ်ချက်မှာ ကြီးမားလာနိုင်ပြီး  လိုအပ်ချက်ပြည့်မီနိုင်ရေး   နိုင်ငံတော် အနေဖြင့်  လျှပ်စစ်စီမံကိန်းများကို  ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊  နိုင်ငံတော်မှ  လျှပ်စစ်လိုအပ်ချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့   သုံးစွဲသူများအနေဖြင့် လည်း   အလေအလွင့်ဖြစ်စေမည့်  ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုကြောင်း”   ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) သို့ တက်ရောက်အမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 


မိမိတို့နိုင်ငံတွင် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးဖြစ်သော ရေအား၊    သဘာဝဓာတ်ငွေ့၊   ရေနွေးငွေ့၊  ကျောက်မီးသွေး စသည်တို့ဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်လျက်ရှိရာ ထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ရန်ကုန်နှင့် လေးပုံတစ်ပုံခန့် ကို မန္တလေးတို့က သုံးစွဲနေကြခြင်းဖြစ်ပြီး ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်စုစုပေါင်း ၁၂ ခုတို့က လေးပုံတစ်ပုံခန့်သုံးစွဲနေကြ ရခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲနိုင်မှုအခြေအနေမှာ     အရှေ့တောင်အာရှဒေသတွင် အနိမ့်ဆုံးဖြစ်နေပြီး ဓာတ်အားတစ်ယူနစ်အတွက် ဈေးနှုန်းမှာ လည်း အနိမ့်ဆုံးတွင် ရှိနေသည်။ နိုင်ငံအနေဖြင့် ရာခိုင်နှုန်း ပြည့်     ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်  ရုန်းကန် ကြိုးပမ်း နေရပြီး    တစ်ဖက်တွင်   အကြမ်းဖက်အဖျက်သမားတို့၏ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲမှု၊ ဓာတ်အားခ မပေးဆောင် ရန် ခြိမ်းခြောက်မှု၊ လျှပ်စစ်ဝန်ထမ်းများကို သတ်ဖြတ်မှုများ၊ ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်မှုကြောင့်    LNG   ဓာတ်အားပေး စက်ရုံများ ရပ်တန့်ထားရမှုများ စသည့်အကြောင်းအရာများ ကြောင့်   ဓာတ်အားထုတ်လုပ်မှု  လျော့နည်းကျဆင်းနေပြီး နိုင်ငံတော်၏ ဓာတ်အားစနစ်တွင် ဝန်အားထိန်းညှိလျှော့ချ နေရသည်ဟု သိရသည်။

 


ယင်းသို့သော အခြေအနေတွင် ဓာတ်အားသုံးစွဲသူတစ်ဦး ချင်းစီက ဓာတ်အားချွေတာရေးနှင့် အလေအလွင့်မဖြစ်ပေါ် စေရေးကို   အလေးအနက်  ဂရုပြုကြရမည်ဖြစ်ရာ  စွမ်းအင် သုံးစွဲမှုနည်းပါးပြီး အခြားအားသာချက်များရှိသည့် LED မီးလုံး၊ မီးချောင်းများ အစားထိုးသုံးစွဲရေး၊ အလေအလွင့်ဖြစ်စေသည့် လျှပ်စစ်သုံးစွဲမှုများမဖြစ်အောင်    သတိပြုရှောင်ကြဉ်ရေး တို့ကို    လျှပ်စစ်ဓာတ်အားသုံးစွဲကြသူတိုင်းက    ကိုယ်စီ အသိတရားဖြင့်   တာဝန်သိသိ  ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။       ။