
ရန်ကုန် နိုဝင်ဘာ ၈
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ဒဂုံတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်း က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးဌေးအောင်က ဂုဏ်ပြုစကားပြောကြားသည်။
အမှာစကားပြောကြား
ထို့နောက် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က အမှာစကား ပြောကြားရာတွင် အဆင့်မြင့်ပညာရေးနှင့် ပတ်သက်၍ တက္ကသိုလ်များကို အရည် အသွေးရှိအောင် ဆောင်ရွက်ရန်နှင့် စာကြည့်တိုက်များကိုလည်း စနစ်တကျ အဆင့်မြှင့်တင်သွားရန် နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တက္ကသိုလ် များကို အဆင့်မြှင့်တင်ရန်အတွက် Software Development နှင့် Hardware Development ဆိုင်ရာများကို အစီအစဉ် ရေးဆွဲဆောင်ရွက်နေကြပြီဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအတွက် မွမ်းမံ သင်တန်းသည် Software Development ကို အကောင်အထည်ဖော်နေခြင်းပင် ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ယနေ့မှ ဒီဇင်ဘာ ၈ ရက်အထိ ကြာမြင့်မည်ဖြစ် ကြောင်း၊ သင်တန်းတွင် စီမံ၊ ဘဏ္ဍာ၊ သင်တန်းရေးရာ အကြောင်းအရာများ၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာ စရာများအပြင် လက်တွေ့သင်ကြားရေး နယ်ပယ်၌ အထောက်အကူပြုမည့် Educational Theory ၊ Educational Psychology နှင့် Educational Methodology ဘာသာရပ်များကို သင်ယူ ကြရမည်ဖြစ်ကြောင်း။ နည်းပြ၊ သရုပ်ပြ သစ်လွင် ဆရာ ဆရာမများအနေဖြင့် ပို့ချချက်များကို အထူးအလေးထား လေ့လာသင်ယူကြရန် မှာကြားလို ကြောင်း ပြောကြားသည်။
မိတ်ဆက်ပေး
ထို့နောက် အခမ်းအနားမှူးများက ဒဂုံတက္ကသိုလ်၏ စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး) များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဥပဒေချုပ်က သင်တန်း အတွက် အလှူငွေကျပ် ၄၅ သိန်းကို ပေးအပ်ရာ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် က လက်ခံသည်။
အဆိုပါသင်တန်းသို့ ဘာသာရပ် ပေါင်းစုံမှ နည်းပြ၊ သရုပ်ပြ စုစုပေါင်း ၁၅၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ဒီဇင်ဘာ ၈ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်