ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆီဘောက်ဆာကားပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံး

ရန်ကုန်     ဇူလိုင်    ၁၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်   အမှတ်(၇၇) ရပ်ကွက် ပဲခူးမြစ်လမ်း Super Solid ကားကြီးဝပ်ရှော့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ က ဆီဘောက်ဆာကားပေါက်ကွဲမှုဖြစ်ပွားပြီး ပေါက်ကွဲမှုကြောင့် အလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ Super Solid    ကားကြီးဝပ်ရှော့တွင်    ယာဉ်အမှတ်  MON-4 7D - - - -၊   HINO   အမျိုးအစား   အဖြူရောင်ဆီဘောက်ဆာ မော်တော်ယာဉ်ကို ဦးကြည်လင်းက ဆီဘောက်ဆာလုံး၏ဘေးတွင်  တပ်ဆင်ထားသော သံလျှောက်လမ်းအား ဝရိန်ဆော်ခြင်း၊ ကျောက်စက် တိုက်ခြင်းများ ပြုလုပ်နေစဉ် ဆီဘောက်ဆာပေါက်ကွဲပြီး ပေါက်ကွဲသည့် အပိုင်းအစများမှာ   ဦးဝင်းကိုအောင်ကို  ထိမှန်၍    ဦးခေါင်းပွင့်ကာ သေဆုံးခဲ့ပြီး ဦးကြည်လင်းမှာ ယာဘက်လက်ကောက်ဝတ်ရိုးအက် ဒဏ်ရာရရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဆီဘောက်ဆာကားပေါက်ကွဲမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း တစ်ရာခန့်ရှိပြီး ဝရိန်ပုံးနှင့်  ကျောက်စက်တို့ကို   ပေါ့ဆစွာအသုံးပြု၍ ဆီဘောက်ဆာကားကို   ပေါက်ကွဲစေပြီး   လူကိုသေစေသည့်အပြင် ယာဘက်လက်ကောက်ဝတ်ရိုးအက်ဒဏ်ရာရရှိသူ ဦးကြည်လင်းအား ဥပဒေအရဆက်လက်အရေးယူပေးရန်  တိုင်ကြားထားကြောင်း  ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲစခန်းမှ သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)