ဒေသထွက်သစ်သီးဝလံများအား တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးမည်

နေပြည်တော်   စက်တင်ဘာ   ၁


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့ နယ်အတွင်း ကျေးလက်နေတောင်သူများ၏ လူမှု စီးပွားဘဝမြင့်မားလာစေရန်     ဒေသထွက်ကုန် သစ်သီးဝလံများကို ကုန်ကြမ်းအဖြစ်မှ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင် ရန်နှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ယနေ့နံနက်ပိုင်းက      တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုသည်။
လုပ်ငန်းလိုအပ်ချက်များ တင်ပြ


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ရှိ မြန်မာရွှေသစ်သီးဝလံကုမ္ပဏီလီမိတက် (Myanmar Golden Produce Co.,Ltd)ပိုင်      သစ်သီးဝလံများ တန်ဖိုးမြင့်ထုတ်ကုန်ပြုလုပ်သည့်စက်ရုံသို့ ရောက်ရှိ ရာ မန်နေးဂျင်းဒါရိုက်တာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြ သည်။ တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက စက်ရုံသို့သွင်းလာသည့်     သရက်စိုက်တောင်သူ    သမဝါယမအသင်းများက စိန်တလုံးသရက်သီးကို   လက်ခံဆောင်ရွက်သည့်အတွက်   စက်ရုံသာမက    သမဝါယမအသင်းသား သရက်စိုက်တောင်သူများပါ  အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ သရက်ခွံစွန့်ပစ်များမှ တိရစ္ဆာန်အစာထုတ်လုပ်နေမှုကို တိုးချဲ့ဆောင်ရွက် နိုင်ပါက သရက်စိုက်တောင်သူများ၏ ဈေးကွက်ပိုမို ရရှိနိုင်ကြောင်း၊ နောင်နှစ်များတွင်လည်း ယခုထက် မက ပိုမိုလက်ခံဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့် စက်ရုံအတွက် လိုအပ်သည့် အရင်းအနှီးချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း     ပြောကြားပြီး သစ်သီးဝလံများ တန်ဖိုးမြင့်ထုတ်ကုန်ပြုလုပ်သည့်    စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။ 


ရှင်းလင်းပြောကြား


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စမ်းဝတီနို့စားနွား မွေးမြူ ရေးခြံသို့ ရောက်ရှိလေ့လာပြီး ယခုကဲ့သို့ နို့စားနွား များ မွေးမြူသည့်အတွက် စီးပွားဖြစ်ဆောင်ရွက်နိုင် သည့်အပြင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ကြောင်း၊     မွေးမြူရေးခြံ မှထွက်ရှိသော   နွားချေးများအား  သဘာဝဓာတ် မြေဩဇာပြုလုပ်၍ သမဝါယမအသင်းသားတောင်သူ များထံ ရောင်းချပေးနိုင်ရေး ဓာတ်မြေဩဇာထုတ်လုပ် ရောင်းချမည့် အစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်နိုင်ပါက အကျိုးအမြတ်ရရှိနိုင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ အသား စားနွား မွေးမြူမည့်လုပ်ငန်းစဉ်အတွက်လိုအပ်သော  အရင်းအနှီးချေးငွေအား    သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

                   
 သတင်းစဉ်