ဒေါပုံတံတားဟောင်းကို ပြည်သူများအပန်းဖြေနိုင်မည့် လူကူးပန်းခြံတံတားအဖြစ် ပြောင်းလဲဖွင့်လှစ်

 

ရန်ကုန်  ဇန်နဝါရီ   ၅


ဒေါပုံမြို့နယ်နှင့်  မင်္ဂလာတောင်ညွန့်မြို့နယ်ကို ဆက်သွယ်ထားသည့် ပုဇွန်တောင်ချောင်းကူး  ဒေါပုံ တံတားဟောင်း(ကနေဒါတံတား)တွင် လူသွားလမ်း နှင့် စက်ဘီးလမ်းတို့ပါဝင်သော လူကူးပန်းခြံတံတား ကို (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ်  ယမန်နေ့က ဖွင့်လှစ်သည်။ 

 


ဖွင့်ပွဲသို့  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးလှစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ   အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား)မှ တာဝန်ရှိသူများ  တက် ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးများက လူကူး ပန်းခြံတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ကမ္ပည်းကျောက်စာမော်ကွန်းကို စက်ခလုတ်နှိပ်၍   ဖွင့်လှစ်ပေးသည်။  ထို့နောက်  ဝန်ကြီးချုပ်နှင့်   ဝန်ကြီးများက    တံတားပေါ်တွင် ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။

 


ယခင် သာကေတတံတားဟောင်း (ကနေဒါ တံတား)သည်    မော်တော်ယာဉ်များသွားလာရန် မသင့်တော်တော့သဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဒေါပုံတံတားသစ်ကြီးကို တည်ဆောက်ပေးခဲ့ ပြီး အဆိုပါတံတားဟောင်းကို ဖျက်သိမ်းမည့်အစား အများပြည်သူအသုံးပြုနိုင်ရန် ကလေးကစားကွင်း၊ လူသွားလမ်း၊ ပြည်သူများစက်ဘီးစီးလမ်း၊  ပြည်သူ များ ကိုယ်ကာယလေ့ကျင့်ခန်းများပြုလုပ်နိုင်ခြင်းနှင့် စိတ်ကြည်လင်လန်းဆန်းစွာ အပန်းဖြေခြင်းတို့ ကို  ဘေးအန္တရာယ်ကင်းရှင်းစွာ    ဆောင်ရွက်နိုင်ရန် အတွက်    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ လမ်းညွှန်မှုခံယူကာ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)နှင့်     ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနတို့ ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်​သည်။

 


အဆိုပါတံတားသည် စက်ဘီးလမ်းနှင့် လူသွား လမ်းပါ Linear Park  တံတားဖြစ်ပြီး  အရှည်  ၉၃၅ ပေ၊ အကျယ် ပေ  ၄၀၊   စက်ဘီးလမ်းအရှည်  ၂၀၂၅ ပေ၊    လူသွားလမ်းစင်္ကြံအရှည်  ပေ  ၃၉၂၀ ၊ Flower Box ၄၆ ခု ၊ လေ့ကျင့်ရေးပစ္စည်း ရှစ်မျိုးပါဝင်သော   အားကစားလေ့ကျင့်ရန်နေရာ၊  ကစားစရာပစ္စည်း  ခြောက်မျိုးပါသော ကလေးကစားကွင်းတို့ ပါဝင် ကြောင်း သိရသည်။

 


ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်  လေးထောင့်ကန်ဘူတာ အနီး၌ Kerry Mother Logistic လီမိတက်က   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာ လမ်းအကျယ် ၂၆ ပေ ၊ အရှည်  ၀  ဒသမ ၇၅ မိုင်ရှိ ကုန်ထုတ်လမ်းတွင် ကွန်ကရစ်ခင်း အဆင့်မြှင့်တင်ခြင်းနှင့် အမြင့် ၃၃ ပေရှိသော လမ်းမီးတိုင်ဆောင်ရွက်ပြီးစီး၍ ဖွင့်လှစ် သည့်အခမ်းအနားသို့ တက်ရောက်ပြီး အဆိုပါလမ်း ကို  တိုင်းဒေသကြီးဝန်ကြီးချုပ်၊  မြန်မာ့မီးရထား အထွေထွေမန်နေဂျာ   ဦးနေမျိုးအေးနှင့် Kerry Mother Logistic လီမိတက်မှ   တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


ဆန်းကျော်ဦး(ပြန် /ဆက်)