
နေပြည်တော် ဇူလိုင် ၁၄
ပြန်ကြားရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က ဒေါက်တာမောင်မောင် ရေးသားသည့် “ပြည်သူ့ဝန်ထမ်း သားသမီးများသို့” စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်သည်။ ယင်းစာအုပ်မှာ တတိယအကြိမ် ထုတ်ဝေခြင်း ဖြစ်သည်။ သား သမီးများ လုပ်ငန်းခွင်တွင်အမြင်၊ အတွေးအခေါ် မှန်ကန်ရန်၊ ဇွဲ၊ စွမ်းရည်ကောင်းရန် စေတနာဖြင့် စာရေးသူ၏ ကိုယ်တွေ့၊ စာတွေ့ လူကြီးသူမ ဆုံးမစကားတို့မှ ထုတ်နုတ်ဖော်ပြ ရေးသားထား သည့် စာအုပ်ဖြစ်သည်။
ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် မေမြို့ တက္ကသိုလ်တို့ တွင် တက်ရောက်လေ့ကျင့် သင်ကြားခဲ့သည့် သားသမီး များ၏ အတွေ့အကြုံများနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်စဉ်ကာလ စာရေးသူတို့ တပ်မတော်သားများ၏ ကြိုးပမ်း စွန့်စားမှုစွမ်းရည် အတွေ့အကြုံ များကို ပေါင်းစပ်ဖလှယ် ရေးသားထားသည်။
ယင်း အတွေ့အကြုံများ အတွင်းရှိ စာရေးသူ၏ ဘဝပုံရိပ် အချို့နှင့် ခံယူချက်၊ စိတ်ထား စေတနာတို့ကို ဖြည့်စွက်ရေးသား သည့် တန်ဖိုးရှိ စာစုများလည်း ပါဝင်သည်။ ပြည်သူ့ဝန်ထမ်းတို့ သည် စိတ်စေတနာမှန်ဖြင့် ပြည်သူကို အလုပ်အကျွေးပြုရန်၊ ပြည်သူကျွေးမွေးသော အစာ အာဟာရကို မှီဝဲ၍ ပြည်သူ့ ကျေးဇူးသစ္စာကို စောင့်သိရန်နှင့် စစ်သည်ကောင်း၊ ဝန်ထမ်း ကောင်း ပီသရန် တိုက်တွန်း ရေးသားထားသည်။
သားစစ်သည်၊ သမီးစစ်သည်၊ နိုင်ငံ့ဝန်ထမ်းများသည် စစ်သည် တော် ကျင့်ဝတ်၊ ဝန်ထမ်း ကျင့်ဝတ်တို့ နားလည်လိုက်နာ ကြရန်၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ထာဝစဉ်သစ္စာထားရန်၊ စွန့်စား စွန့်လွှတ်သော စိတ်ထားရှိရန်၊ သူ့အကျိုး ကိုယ့်အကျိုး မျှတစွာ ဖြစ်ထွန်းစေအောင် တာဝန် ထမ်းဆောင်ကြရန် အတွက် စေတနာထား၍ လမ်းညွှန်သင်ပြ ရေးသားထားသည်။ ပြည်သူ့ ဝန်ထမ်းတစ်ဦးစီတိုင်း ဖတ်ရှု လေ့လာသင့်သည့် စာအုပ် ဖြစ်သည်။
စာအုပ်တွင် စာမျက်နှာ ၁၇၆ မျက်နှာ ပါဝင်ပြီး ဆောင်းပါး ၂၃ ပုဒ် ပါဝင်သည်။ တန်ဖိုး ငွေကျပ် ၄၀၀၀ ဖြင့် ရန်ကုန်မြို့၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ဝ၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး မြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်