ဒစ်ဂျစ်တယ်ကွာဟမှုကို လျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသားဗဟိုပြု ပြန်လည်ထူထောင်စို့

Type
1

 

မောင်သောင်းဝင်း(တမန်ဟောင်း)
 

အလိမ္မာစာမှာရှိဆိုသကဲ့သို့ စာတတ်မှသာလျှင် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားသုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် စာတတ်မြောက်မှုဆိုသော အယူအဆသဘောတရားသည် ကျယ်ပြန့်လာပြီဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်တွင်လူသားတို့သည် ဆန်းသစ်တီထွင်မှုအမျိုးမျိုးကို ပြုလုပ်လာကြသည်။ ထို့ကြောင့်လူတစ်ဦး၏ စာတတ်မြောက်မှုနယ်ပယ်သည် ဘာသာစကားပေါင်းစုံ၊ ကွန်ပျူတာ၊ ကိန်းဂဏန်းအချက်အလက်၊ လူမှုဆက်ဆံရေး မှသည် ပညာရပ်နယ်ပယ်ပေါင်းစုံတွင် အချိန်နှင့်အမျှပိုမိုကျယ်ပြန့်လာလျက်ရှိသည်။ အထူးသဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာ၌ အခြေခံ အကျဆုံးသောအချက်သည် နိုင်ငံသားအားလုံးစာတတ်မြောက်ရေးပင် ဖြစ်သည်။ နိုင်ငံသားအားလုံး စာတတ်မြောက်ပြီး ဗဟုသုတကြွယ်၀နေမည်ဆိုလျှင် ကျွမ်းကျင်မှုလည်း တိုးတက်လာမည်ဖြစ်သည်။ ကျွမ်းကျင်မှုပြည့်၀သော နိုင်ငံသူနိုင်ငံသားများနှင့် တည်ဆောက်ထားသော တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်မှု များ ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
 

နိုင်ငံတကာစာတတ်မြောက်ရေးနေ့
နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံ တကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ ကုလ သမဂ္ဂပညာရေး၊  သိပ္ပံနှင့်  ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၁၇   ရက်နေ့ တွင် ထိုနေ့ကို သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်ချင်းစီမှသည်   လူ့အဖွဲ့ အစည်းတစ်ခုလုံးတွင် စာတတ်မြောက်မှု၏ အရေး ပါပုံကို မီးမောင်းထိုးပြနိုင်ရန်အတွက်  ထိုနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အမှန်တော့ စာတတ် မြောက်ခြင်းသည် လူတစ်ဦးဂုဏ်သိက္ခာနှင့်  လူ့ အခွင့်အရေးတို့အတွက်   များစွာအရေးပါလျက် ရှိသည်။ ထို့ကြောင့်လူတိုင်းစာတတ်မြောက်ခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်း ကြီးကို ထူထောင်နိုင်မည်ဖြစ်သည်။ 
ကမ္ဘာတစ်ဝန်း နှစ်စဉ်စက်တင်ဘာလ ၇ ရက် နေ့မှစတင်၍ ၈ ရက်နေ့အထိ စာတတ်မြောက်ရေး လှုပ်ရှားမှုများ  ဆောင်ရွက်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပျံ့နှံ့နေမှုကြောင့် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို ခမ်းခမ်းနာနားကျင်းပနိုင်မည် မဟုတ်ပေ။ ၂၀၂၁ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ခေါင်းစဉ်သည် “Literacy for a human-centred recovery : Narrowing the digital divide”   “ဒစ်ဂျစ်တယ်ကွာဟမှုကို   လျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသားဗဟိုပြုပြန်လည် ထူထောင်စို့ပင်” ဖြစ်သည်။ 
ဆိုရလျှင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မူလကတည်းကစာတတ်မြောက်မှုနှုန်းကွာဟချက်ရှိနေသော  လူငယ်များနှင့်  အရွယ်ရောက်သူများ အား  စာပေသင်ကြားရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်စေလျက်ရှိသည်။   ကိုဗစ်-၁၉  ကာလ အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများစွာသည် အရွယ်ရောက် သူများ  စာတတ်မြောက်ရေး   အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်စွမ်း  မရှိဘဲ အချို့သောနိုင်ငံများတွင်သာလျှင်  ရေဒီယို၊ တီဗွီ၊အင်တာနက်အွန်လိုင်းတို့မှတစ်ဆင့် လေ့လာသည့် အစီအစဉ်  အနည်းငယ်ကို  ဆက်လက်အကောင် အထည်ဖော်လျက်ရှိသည်။   အမှန်တော့  ဝေးလံ ခေါင်ဖျားပြီး ဆင်းရဲတွင်းနက်နေသော ကျေးလက် ဒေသရှိကလေးများသည် အွန်လိုင်းပညာရေးစနစ် ကို အပြည့်အဝသင်ယူခွင့်ရရှိနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်  ဒစ်ဂျစ်တယ်ကွာဟမှုကို  လျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသားဗဟိုပြု ပြန်လည် ထူထောင်သွားရမည်ဖြစ်သည်။
ကမ္ဘာ့စာတတ်မြောက်မှုနှုန်း
ထိုသို့ စာတတ်မြောက်ရေးအတွက် နည်းမျိုးစုံ ဖြင့် လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသော်လည်း လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း၌  အသက် ၁၅ နှစ်နှင့်အထက်  ကမ္ဘာ့စာတတ်မြောက်မှုနှုန်းသည် ၈၆ ဒသမ ၃ ရာခိုင်နှုန်းသာရှိသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အမျိုးသားများ စာတတ်မြောက်မှု နှုန်းသည် ၉၀ ရာခိုင်နှုန်းရှိသော်လည်း အမျိုးသမီး များသည် ၈၂ ဒသမ ၇ ရာခိုင်နှုန်းသာရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ၉၉ ဒသမ ၂ ရာခိုင်နှုန်း၊အရှေ့အာရှနှင့်ပစိဖိတ်နိုင်ငံများသည် ၉၅ ဒသမ ၇၇ ရာခိုင်နှုန်း၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများသည် ၉၄ ဒသမ ၂၉ ရာခိုင်နှုန်း၊ တောင်အာရှနိုင်ငံများသည် ၇၂ ဒသမ ၉၅ ရာခိုင်နှုန်းနှင့် အာဖရိကနိုင်ငံများသည် ၆၅ ဒသမ ၄၇ ရာခိုင်နှုန်းဖြစ်သည်။
ထို့အပြင် ကမ္ဘာ့လူဦးရေ ၇၇၅ သန်းခန့်သည် အခြေခံစာကိုပင် ရေး၊ ဖတ်နိုင်စွမ်းမရှိကြသေးပေ။ ၎င်းတို့အနက် ၇၅ ရာခိုင်နှုန်းသည် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကနိုင်ငံများမှ ဖြစ်သည်။ ဆိုလိုသည်မှာ အရွယ်ရောက်သူ  ငါးဦးလျှင် တစ်ဦး သည် စာတတ်မြောက်ခြင်း မရှိသေးချေ။ ယင်းတို့ အနက် သုံးပုံ နှစ်ပုံသည်အမျိုးသမီးများ ဖြစ်နေကြ သည်။ ကလေးငယ်  ၂၆၄ သန်းကျော်သည် ကျောင်း နေခွင့် မရရှိကြသေးပေ။  ထို့အပြင်  တချို့သော ကလေးများသည် ပုံမှန်ပညာသင်ယူခွင့်မရရှိကြ သလို ပညာရေးတစ်ပိုင်းတစ်စဖြင့်  ကျောင်းထွက် လိုက်ရသည့်  ကလေးများလည်း   များစွာရှိနေပြန် သည်။ 
စာတတ်မြောက်မှုနှုန်းမြင့်မား
ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းနှင့် ပညာရေးဖွံ့ဖြိုး တိုးတက်မှုတို့အပေါ်တွင် များစွာတည်မှီလျက် ရှိ သည်။ မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့် ကြငှန်းနှင့် တည်တံ့စွာရပ်တည်နိုင်ခဲ့သော ရှေးခေတ် ဘုရင်များလက်ထက်က  စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့သည်။ ထိုခေတ်က ဘုန်းတော်ကြီးသင်စာပေ သင်ကြားမှု  အကျိုးကျေးဇူးများကြောင့်   စာတတ် မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်းအထိပင်ရှိခဲ့သည်။ သို့သော်  ကိုလိုနီလက်အောက်မှ   လွတ်လပ်ရေး ပြန်လည်ရရှိသည့် အချိန်အခါတွင်မူ နိုင်ငံ၏ စာတတ် မြောက်မှုနှုန်းသည် ၃၅ ရာခိုင်နှုန်းအထိ ထိုးကျသွား ခဲ့သည်။ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ပင်ဖြစ်သည်။ 
မည်သို့ပင်ဆိုစေကာမူ ခေတ်အဆက်ဆက်တွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို အမျိုးသားရေး အသွင်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြ သည်။ ထိုသို့ စဉ်ဆက်မပြတ် ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံ၏စာတတ်မြောက်မှုနှုန်းသည် ၁၉၈၈ ခုနှစ်တွင် ၈၀ ဒသမ ၀၄ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့သည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်တွင်  ၉၁ ရာခိုင်နှုန်း၊ ၂၀၁၁ ခုနှစ်တွင် ၉၅ ဒသမ ၀၁ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် သက်ကြီးစာတတ်မြောက်မှုနှုန်း ၉၅ ဒသမ ၀၈ ရာခိုင်နှုန်းအထိမြင့်မားလာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် စာတတ် မြောက်မှုနှုန်း  ၈၉  ဒသမ ၅  ရာခိုင်နှုန်းရှိသည်။ အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိ လူငယ်လူရွယ်များ စာတတ်မြောက်မှုနှုန်းသည် ၉၄   ရာခိုင်နှုန်းဖြစ် သည်။ သို့သော် အသက် ၅ နှစ်မှ ၂၉ နှစ်အထိ ကျောင်းတက်မှုနှုန်းမှာ ၃၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် အသက် ၅ နှစ်မှ ၂၉ နှစ်အထိ လုံး၀ကျောင်းမနေဖူးသူ ၉ ဒသမ ၅ ရာခိုင်နှုန်းရှိသောကြောင့် ကျောင်းနေ အရွယ် ကလေးအားလုံး  ကျောင်းတက်နိုင်ရေး အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်  စီမံဆောင်ရွက်သွားသင့်ပါသည်။
ဒစ်ဂျစ်တယ်ကွာဟမှုကို လျှော့ချလို့ စာတတ်မြောက်ရေးဖြင့် လူသားဗဟိုပြု ပြန်လည်ထူထောင်စို့
ပြည်သူအားလုံး  စာတတ်မြောက်ရန်အတွက် အခြေခံအကျဆုံးသောအချက်သည် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း   ကျောင်းနေ အရွယ် ကလေးသူငယ်များ ကျောင်းအပ်နှံမှုနှုန်း မြင့်မားလာအောင် အလေးထား၍ စည်းရုံးဆောင် ရွက်သွားရန်  လိုအပ်မည်ဖြစ်သည်။   ထို့အပြင် ထိုကလေးသူငယ်များကို မူလတန်းပညာရေးမှသည်  ဘွဲ့ရ၊  ဘွဲ့လွန်အဆင့်အထိ အတန်းစဉ်ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက်လည်း အခွင့်အလမ်း ကောင်းများဖန်တီးပေးသွားရန်  လိုအပ်မည်ဖြစ် သည်။ အထူးသဖြင့် ပညာရေးကဏ္ဍတွင် လက်တွေ့ ကျသော ပြုပြင်ဆောင်ရွက်မှုများ လုပ်ဆောင်သွား သင့်သည်။ ထို့အပြင် ကျောင်းထွက်နှုန်းလျော့ကျရေးအတွက် လည်းစီမံချက်ချ၍ ဆောင်ရွက်သွားသင့်ပေ သည်။ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုတော့ လိုပါ သည်။
စာတတ်မြောက်မှုအဓိပ္ပာယ်သည်  ဖွံ့ဖြိုးပြီး နိုင်ငံများတွင်ပို၍ ကျယ်ပြန့်လေ့ရှိသည်။ နည်းပညာ ကိုအခြေခံ၍ ကျယ်ပြောရှုပ်ထွေးသည့် ပြဿနာ များကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဆိုလျှင် စာတတ် မြောက်သည်ဟု ဆိုကြသည်။ မည်သို့ပင် ဆိုစေကာ မူ တိုင်းပြည်တိုးတက်မှုအပေါ်မူတည်၍ စာတတ် မြောက်မှု  ဖွင့်ဆိုချက်အဓိပ္ပာယ်သည်   ကွဲပြား နေမည်ဖြစ်သည်။  ပြည်သူများ  စာတတ်မြောက်မှု နှင့်  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတို့သည်  အပြန် အလှန်  အမှီသဟဲပြုလျက်  ရှိသည်။ ပြည်သူများ စာတတ်မြောက်မှုနှုန်းမြင့်မားလျှင်   တိုင်းပြည် တစ်ပြည်တိုးတက်လာမည်ဖြစ်သလို အစိုးရတစ်ရပ် သည် ပညာရေးအသုံးစရိတ်ကို  ပိုမိုသုံးစွဲသွားမည် ဆိုလျှင်  ပြည်သူများ၏   စာတတ်မြောက်မှုနှုန်း မြင့်မားနေမည်ဖြစ်သည်။
ဒစ်ဂျစ်တယ်ကွာဟမှုဆိုသည်မှာ  နည်းပညာ အသုံးချနိုင်ရေးအတွက် လုံလောက်သော  အသိ ပညာဗဟုသုတနှင့်   အခွင့်အလမ်းရှိသူများနှင့် နည်းပညာအခွင့်အလမ်း မရှိသူများအကြား ကွာဟ ချက်ပင်ဖြစ်သည်။ နည်းပညာနှင့် အင်တာနက်သုံး နိုင်မှုအခွင့်အလမ်းသည်   ဒစ်ဂျစ်တယ်ကွာဟမှု လျှော့ချနိုင်ပြီး  ပညာသင်ယူရာတွင်   များစွာ အထောက်အကူပြုစေပါသည်။ ထို့ကြောင့် စာတတ် မြောက်ရေးဖြင့် လူသားဗဟိုပြု  ပြန်လည်ထူထောင် ရေးအတွက် နည်းပညာ၊ ဒစ်ဂျစ်တယ်လေ့ကျင့်ရေး နှင့် ဘေးကင်းလုံခြုံမှုရှိသော  အွန်လိုင်းအသုံးပြုခွင့်ရရှိအောင်  စီမံပေးသင့်ပေသည်။  သာဓက အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် နောက်ထပ်အမျိုးသမီး သန်း ၆၀၀ ကျော်ကို ၃ နှစ်လောက် အင်တာနက် အသုံးပြုခွင့်ပေးထားမည်ဆိုလျှင် ကမ္ဘာလုံးဆိုင်ရာ GDP ကို အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံမှ ၁၈ ဘီလီယံအထိ  တိုးတက်လာစေနိုင်မည်ဟု   ဆိုပါ သည်။ ထို့ကြောင့် ဒစ်ဂျစ်တယ်ကွာဟမှုကို  လျှော့ချ လို့   စာတတ်မြောက်ရေးဖြင့်   လူသားဗဟိုပြု ပြန်လည်ထူထောင်စို့ဟု      အကြံပြုတိုက်တွန်း   သွားလိုပါသည်။       ။