ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာသည်နှင့်အမျှ နိုင်ငံသားများနှင့် ၎င်းတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန် အရေးကြီး

 

5th China- ASEAN Information Harbor Forum သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗီဒီယိုမိန့်ခွန်းပေးပို့ပြောကြား

 

နေပြည်တော် စက်တင်ဘာ ၁၆


ဒစ်ဂျစ်တယ်အသွင်   ကူးပြောင်းခြင်းကို  အကောင် အထည်ဖော် ဆောင်ရွက်လာသည်နှင့်အမျှ နိုင်ငံသား များနှင့် ၎င်းတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေး ရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောကြားသည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ        Cyberspace Administration ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ‌ရေးကော်မရှင်၊  စက်မှုနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန၊  ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  အစိုးရတို့  ပူးပေါင်း ကျင်းပသည့် 5th China- ASEAN Information Harbor Forum သို့  ပေးပို့သည့်   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်း၏ ဗီဒီယိုမိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက  ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ် ရှိ မဟုတ်မမှန်သော သတင်း နှင့် အမုန်းစကားများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဆိုက်ဘာလိမ်လည်မှုများသည်    ပိုမိုများပြားလာ ကြောင်း၊ ဖိုရမ်တွင် ၎င်းအခက်အခဲများကို ဖြေရှင်းနိုင် မည့် နည်းလမ်းများကို ဆွေးနွေးကြရန်  မျှော်လင့်ပါ ကြောင်း၊      ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် အရေးကြီးသည့် အချက်အလက်များ ကာကွယ်ရေး ကိစ္စရပ်သည်လည်း ဤဖိုရမ်တွင် ဆွေးနွေးသင့်သော အရေးကြီးသည့်  အကြောင်းအရာတစ်ခု    ဖြစ်ပါ ကြောင်းနှင့် အရေးပါသည့် အခြေခံအဆောက်အဦ ကာကွယ်ခြင်းတွင်လည်း    ပူးပေါင်းဆောင်ရွက် သွားရန်   လိုအပ်ပါကြောင်း   ထည့်သွင်းပြောကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့်   အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား  သတင်းအချက်အလက်များကို မျှဝေဖလှယ် နိုင်ပြီး  ဒစ်ဂျစ်တယ်  စီးပွားရေး၊   ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းနှင့် cyberspace စသည့် အမျိုးမျိုး သော   နယ်ပယ်များတွင်  ပိုမိုနက်ရှိုင်းစွာ  ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်သည့် အရေးကြီးသော နေရာတစ်ခုဖြစ်လာကြောင်း၊ ဒစ်ဂျစ် တယ်နည်းပညာနှင့် ဝန်ဆောင်မှုများသည် နယ်နိမိတ် ကန့်သတ်ချက်မရှိသော   သဘောသဘာဝရှိသည့် အတွက်  ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း  အကျိုး ကျေးဇူးများကို အမြင့်ဆုံးရရှိခံစားနိုင်ရန်နှင့် စိန်ခေါ် မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပူးပေါင်း လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ “ဒစ်ဂျစ်တယ် ပိုးလမ်းမအား   ပူးပေါင်းတည်ဆောက်ခြင်းဖြင့်  မျှဝေ ခံစားနိုင်မည့်  ဒစ်ဂျစ်တယ် အနာဂတ်ဆီသို့” ဟူသည့် ယခုနှစ် ဖိုရမ်၏ ဆောင်ပုဒ်သည် ယနေ့အခြေအနေ များနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း  ပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍဖွံ့ ဖြိုးတိုးတက်မှု အခြေအနေများနှင့်   ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီ၏     ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံနှင့် မြန်မာနိုင်ငံ အပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးကူညီမှုများ အတွက်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား  တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်းနှင့်  အနာဂတ်တွင်လည်း ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို  မျှော်လင့်ပါ ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်   ဒစ်ဂျစ်တယ် စီးပွား‌ရေးကဏ္ဍတွင်  အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အတွေးအမြင်များ ပိုမို ဖလှယ်နိုင်ရေးနှင့် နှစ်ဦးနှစ်ဖက်  မိတ်ဖက်ဆက်ဆံ ရေးကို     ချဲ့ထွင်နိုင်ရေးတို့အတွက်   ပထမအကြိမ် China- ASEAN Information Harbor Forum ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊  ဒုတိယအကြိမ်ကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ တတိယအကြိမ်ကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း ကျင်းပခဲ့ကြောင်းနှင့် အဆိုပါ   ဖိုရမ်သို့  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်  ကော်မရှင်များမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊  ဒစ်ဂျစ်တယ်စီးပွားရေး ကဏ္ဍတွင် ထင်ရှားကျော်ကြားသည့် ပညာရှင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး  အာဆီယံ နိုင်ငံများမှ  ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များက   ဗီဒီယို မိန့်ခွန်းများ ပေးပို့ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်