COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    ဇူလိုင်   ၉


    COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌  ကျင်းပ ပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ကောင်စီအဖွဲ့ဝင်  ဒုတိယ ဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊   အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး     ဦးဝင်းရှိန်၊ ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊  ရေ၊  လေ) ဗိုလ်ချုပ်ကြီး   မောင်မောင်အေး၊   ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ  တပ်မတော်အရာရှိကြီးများ၊    ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန  ဒုတိယဝန်ကြီးနှင့်  တာဝန်ရှိ သူများ တက်ရောက်ကြသည်။


    ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က  အမှာစကားပြောကြားရာ တွင် COVID- 19 ရောဂါသည် ကမ္ဘာ့နိုင်ငံအချို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် စတင်ဖြစ်ပေါ်ခဲ့ပြီး မိမိတို့ နိုင်ငံတွင်   မတ်လ ၂၃ ရက်တွင်   စတင်ဖြစ်ပွားခဲ့ ကြောင်း၊ ရောဂါဖြစ်ပွားမှု   ပထမလှိုင်းကာလနှင့် ဒုတိယလှိုင်းကာလများတွင်  ဖြစ်ပွားမှုနှုန်း နည်းပါး ခဲ့သော်လည်း ယခုနှစ်  မေလနှောင်းပိုင်းနှင့် ဇွန်လ ဆန်းပိုင်းတွင် တတိယလှိုင်းဖြစ်ပေါ်လာပြီး ကူးစက် မှုနှုန်းမြင့်တက်လာခဲ့ကြောင်း၊    မိမိတို့အနေဖြင့် ထိုအခြေအနေကို စိုးရိမ်နေရုံဖြင့်မရဘဲ COVID- 19 ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ရန်ရှိသည် များကို ဆက်လက်ဆောင်ရွက်နေရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကြိုတင် ကာကွယ်ခြင်းနှင့် ကုသခြင်းအပိုင်း  နှစ်ခုရှိကြောင်း၊ မိမိတို့နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ တွင် ၂၉၆ မြို့နယ် တွင်   ရောဂါပိုးကူးစက်မှုရှိကြောင်း၊   COVID- 19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များအား အများပြည်သူများ တိတိကျကျ လိုက်နာရန်နှင့် လူစု လူဝေးများမပြုလုပ်ရန်လိုအပ်ပြီး မဖြစ်မနေဆောင် ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း အတတ်နိုင်ဆုံး အကာကွယ်များဖြင့်  ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလားတူ ကိုယ်ခံစွမ်းအားများ   ကောင်းမွန်အောင် နေထိုင်စားသောက်ရန်လည်း  လိုအပ်ကြောင်း၊  ယခု အခါ လူစုလူဝေး  မဖြစ်ပေါ်စေရေးအတွက်  စာသင် ကျောင်းများကိုလည်း ခေတ္တပိတ်ထားကြောင်း၊  နိုင်ငံ အတွင်း COVID-19 ရောဂါဖြစ်ပွားမှုအား မျက်ခြည် မပြတ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊  ယခု အချိန်တွင် COVID- 19 ရောဂါ ကာကွယ်ရေးသည် နိုင်ငံအတွက်အရေးကြီးသည့်   အနေအထားတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။


ကာကွယ်ဆေးလုပ်ငန်းများ
တိုးမြှင့်ဆောင်ရွက်


    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID-19  ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို  တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကျွန်တော်တို့အနေနဲ့  ကာကွယ်ကုသခြင်းအပိုင်း မှာလည်း  တစ်ဖက်ကလည်း ကျွန်တော်တို့ ဆေးတွေ ဝယ်ခဲ့တာရှိတယ်။ အရင်အစိုးရလက်ထက်တုန်းက ဆေးဝယ်ခဲ့တာရှိတယ်။ အိန္ဒိယနိုင်ငံကနေ ကျွန်တော် တို့ ဆေးဝယ်တာ အလုံးသန်း  ၃၀ ကျွန်တော်တို့ ဝယ်ခဲ့ပါတယ်။ ဝယ်ခဲ့တဲ့ အခါမှာလည်း ပထမအသုတ် ၂ သန်းရောက်ပြီးတော့      နောက်ပိုင်းကျတော့ အကြောင်းအမျိုးမျိုးနဲ့။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သူတို့ရဲ့  ရောဂါပြန့်ပွားမှုအခြေအနေ အရ သူတို့ကန့်သတ်မှုတွေ  ပြုလုပ်တဲ့အခါမှာ သူတို့ မှာလည်း ပေးဖို့အတွက် အခက်အခဲတွေရှိပါတယ်။ ဒီသန်း ၃၀ မှာလည်း ကြိုတင်ငွေလည်း  ပေးပြီးသား ပါ။ ၇၅ သန်း ကျွန်တော်တို့ပေးထားတယ်။ အဲ့ဒီတော့ ၂ သန်းရောက်ပြီးတော့ နောက်ထပ်ထပ်မလုပ်နိုင် ဘူး။ ဒီကြားထဲမှာ တရုတ်နိုင်ငံကနေပြီးတော့ ကူညီ ပေးတဲ့ဆေးတွေ ရှိပါတယ်။ နောက်တခြားအလှူရှင် တွေကနေပြီးတော့ လှူပေးတဲ့  Small   amount လှူပေးတာတွေလည်း ရှိပါတယ်။ နောက်  ကျွန်တော် တို့လည်း   လိုအပ်ချက်အရ   ရုရှားနိုင်ငံကိုသွားတဲ့ အချိန်မှာလည်း  ရုရှားနိုင်ငံမှာ  ကျွန်တော်ကိုယ်တိုင်ပဲ ကာကွယ်ရေးဝန်ကြီးရော၊ သူတို့ရဲ့ လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်နဲ့လည်း  တွေ့ဆုံပြီးတော့  ဒါလို ချင်တယ်ဆိုတော့    သူတို့ချက်ချင်းပဲ   အရေးတယူ ဆောင်ရွက်ပေးတယ်။ နှစ်သန်းလိုချင်တယ်ပြောတော့ ရမယ်တဲ့။ သူတို့မှာလည်း အခက်အခဲက ဘာလဲဆို တော့ သူတို့ရဲ့ Capacity က ထုတ်နိုင်တဲ့ Capacity က အများကြီးမရှိဘူး။ တစ်ကမ္ဘာလုံးသူတို့က ဖြန့်နေ ရတာ။ ဖြန့်နေရတော့ သူတို့ကလည်း မပေးနိုင်ဘူး ဖြစ်နေတာ။ ခွဲခွဲပြီးပို့နေရတာ။ မရတော့မဟုတ်ဘူး။ ဒီလထဲမှာပဲ သူတို့ စပို့မယ်ဆိုပြီးတော့ ပြောပါတယ်။ ဘယ်လောက်ပေးနိုင်မယ်ဆိုတာကတော့ ပို့တဲ့အချိန် မှပဲစပြီး amount ကို သူတို့က ပြောနိုင်မယ် ပြောပါ တယ်။ သောင်းဂဏန်းအထက်တော့ ရှိပါလိမ့်မယ်လို့ သူတို့က ပြောပါတယ်။ ဒီလိုပဲ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့ကို ဆေးဝါးအကူအညီတွေ၊ ကာကွယ် ဆေး‌တွေ အကူအညီပေးခဲ့တာ ရှိသလိုပဲ အခုလည်း နောက်ထပ်ပြီး  ငါးသန်း   ကျွန်တော်တို့အပေါ်မှာ ရောင်းချပေးတာတွေရှိတယ်။ နောက်ကျွန်တော်တို့ က    ပုဂ္ဂလိကဆေးရုံတွေ၊  ကုမ္ပဏီတွေကိုလည်း COVID-19 ဆေး ဝယ်ယူရေးနဲ့ပတ်သက်ပြီး ခွင့်ပြု ပေးခဲ့တာတွေရှိပါတယ်။ ဒါကတော့ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ပါ ဒါလည်း လုံလောက်ပြီလားဆို တော့ မလုံလောက်သေးပါဘူး။  မြန်မာနိုင်ငံရဲ့လူဦးရေ ၅၅ သန်း ရှိပါတယ်။ သူတို့ပြောတာတော့ ၁၈ နှစ်နဲ့ အထက်ကို ထိုးဖို့ပြောတာပေါ့လေ။ သို့သော်လည်းပဲ ၁၈  နှစ်အောက်ကလည်း လူပဲဖြစ်တယ်။    သူတို့ အတွက် Effect ဖြစ်မယ်။ Save ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်တို့က  သူတို့ထိုးနိုင်ဖို့အတွက်  စီစဉ်ပေးရ မှာဖြစ်တယ်။ အဲ့ဒါတော့ ဘယ်အရွယ်ထိ ထိုးနိုင်မယ် ဆိုတာတော့ ဆုံးဖြတ်လို့ မရသေးပါဘူး။  ဒါသက်ဆိုင် ရာ ဆေးထုတ်လုပ်တဲ့နိုင်ငံတွေရဲ့  ကြေညာ ချက်တွေ အပေါ် မူတည်ပြီး   ကျွန်တော်တို့  ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝယ်မယ့်ဆေးက၊ လက်ရှိ ဝယ်ထားတဲ့ဆေးက  သိပ်များတာ မဟုတ်တဲ့အတွက် ကြောင့်   ပြည်တွင်းမှာလည်း   မြန်မာနိုင်ငံဆေးဝါး စက်ရုံကနေပြီးတော့ ဆောင်ရွက်နိုင်တဲ့အနေအထား မှာရှိရင်  ထုတ်ဖို့ဆိုပြီး ကျွန်တော်တို့   ဆောင်ရွက်ပေး နေတာရှိပါတယ်။ ဒါလည်း ရုရှားနိုင်ငံမှာ ဆွေးနွေးရာ မှာ မူအားဖြင့် သူတို့သဘောတူပြီး ဖြစ်ပါတယ်။ သူတို့ သဘောတူတယ်။ ပူးပေါင်းဆောင်ရွက်ချင်တယ်။ သူတို့   ဒီမှာ   လာကြည့်ပါရစေ။   လာကြည့်ပြီးတော့ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်မယ်ဆိုပြီးတော့ပြောပါတယ်။ ဒီလထဲမှာ သူတို့လာဖို့ရှိပါတယ်။ ကျွန်တော်ကတော့ စောနိုင်သမျှ စောအောင်လာနိုင်ဖို့ အတွက် ဖိတ်ထားတာရှိပါတယ်။ သူတို့တင် မဟုတ် ပါဘူး    ကျန်တဲ့   အခြားပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေကလည်း အကုန်လိုက်လာကြမှာပါ။ သို့သော်လည်း မြန်မာနိုင်ငံမှာက  လက်ရှိအခြေအနေ မှာက  ဖြစ်ပွားမှု  နည်းနည်းလေးများနေတဲ့အတွက် သူတို့ လာနိုင်တဲ့အခြေအနေကိုလည်း ချင့်ချိန်ဖို့တော့ ရှိပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါတော့ ကျွန်တော်တို့က ကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့ ပြောခြင်းဖြစ်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး  ဝယ်ထားတဲ့ ဆေးတွေလည်း ဆောလျင်စွာ မြန်မြန်ပြီးစီးအောင် ထိုးဖို့လည်း လိုပါတယ်။ လက်ထဲမှာ  ဘာမှလက်ကျန် မထားဘဲနဲ့  သူ course အတိုင်း ပြည့်အောင် ထိုးဖို့ လည်းလိုပါမယ်” ဟု ပြောကြားသည်။


တိုင်းပြည်ရဲ့အမျိုးသားရေးဖြစ်


ဆက်လက်ပြီး      ရောဂါကုသခြင်းအပိုင်းနှင့် ပတ်သက်၍  ပြောကြားရာတွင်   “ နောက်တစ်ခါ ကျွန်တော်တို့ ကုသရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆေးရုံတွေလည်း   အတတ်နိုင်ဆုံး။   ပြီးခဲ့တဲ့လက တည်းက ကျွန်တော်တို့က ဆေးရုံတွေ အကုန်လုံး ပြင်နေတာတွေ ရှိတယ်။ စိတ်ထဲမှာ သံသယဖြစ်တာနဲ့ အကုန်လုံး  ဆေးရုံတွေ  ပြင်ခိုင်းထားတာရှိတယ်။ အရင်ကလည်းလုပ်ပြီးသားပါ ကျွန်တော်တို့ မဖျက် ပါဘူး။ ဒါလည်း ပြန်ပြီးတော့ တပ်လှန့်နှိုးဆော်ပြီး တော့   လုပ်ခဲ့တာတွေရှိတယ်။  ဒါတွေဆောင်ရွက်မှု အခြေအနေတွေကိုလည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များက တင်ပြပေးဖို့  ကျွန်တော်ပြောလိုပါတယ်။   နောက် တစ်ခုကဘာလဲဆိုရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိနိုင်ငံရေးအခြေအနေအရ တချို့နေရာတွေမှာအခက်အခဲရှိတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဖြန့်လို့ရတဲ့ သူတွေကို ကျွန်တော်တို့က  Distribution  ပြန်လုပ်မှာ ပေါ့။ များတဲ့နေရာကနေပြီးတော့ နည်းတဲ့နေရာကို၊ မရှိတဲ့နေရာကို သွားဖို့တစ်ခုရှိမယ်။ နောက်တစ်ခုက အဲဒီလိုမှ မရဘူးဆိုရင် ကျွန်တော်တို့ကဆရာဝန်တွေ ကို ကန်ထရိုက်စနစ်နဲ့ခန့်ထားဖို့လည်း စီမံပေးထား တာ၊   မှာထားတာ ရှိပါတယ်။ ဒါလည်း   ဆက်လက် အကောင်အထည်ဖော်ဖို့ လိုပါလိမ့်မယ်။ တပ်မတော် ကနေပြီးတော့။ ပြီးတော့ ခုနက Distribution  ဆိုတဲ့ နေရာမှာလည်း တပ်မတော်ဘက်က သူတွေလည်း ပါပါတယ်။ ကျွန်တော်တို့လည်း အကုန်လုံးမျှပြီးတော့ ပေးသွားမှာပါ။ အကုန်လုံးစုပြုံပြီးတော့ တပ်မတော် ဆေးရုံမှာပဲ cover လုပ်နေလို့လည်း မရပါဘူး။ ဒါဟာ တိုင်းပြည်ရဲ့  အမျိုးသားရေးဖြစ်တယ်။ နိုင်ငံ့အရေး ဖြစ်လာပြီဆိုတော့    အကုန်လုံး    ဖြန့်ကြက်ပြီးတော့ သွားခိုင်းမှာပါ။ အဲ့ဒီတော့    လိုအပ်တဲ့    ကျန်းမာရေး ဝန်ထမ်းတွေလည်း    အမြန်ဆုံးတွက်ချက်ပြီးတော့ ဆောင်ရွက်ပေးဖို့ ကျွန်တော်ပြောလိုပါတယ်”  ဟု ပြောကြားသည်။


ကြိုတင်ကာကွယ်ဆောင်ရွက်ရမည်


    ထို့နောက် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကုန်ထုတ်လုပ်မှုနှင့် စက်ရုံအလုပ်ရုံများအား ရပ်ထား ၍မရကြောင်း၊ အခြားနိုင်ငံများတွင်လည်း COVID-19 ရောဂါကြိုတင် ကာကွယ်မှုများဆောင်ရွက်၍ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း စက်ရုံအလုပ် ရုံများအား COVID-19 စည်းကမ်း ချက်များနှင့်အညီ Face Mask များတပ်ဆင်ခြင်း၊ သတ်မှတ် အကွာ အဝေးအတိုင်း  နေထိုင်ခြင်း၊   စနစ်တကျလက်ဆေး ခြင်း၊  စားသောက်ခန်းများ   သတ်မှတ်ချက်များ လိုက်နာ၍   စက်ရုံအလုပ်ရုံများ   လည်ပတ်ရန်လို ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း လိုအပ် သည့်ရောဂါကာကွယ်မှုများဖြင့်  ဆောင်ရွက်မည် ဆိုပါက လုပ်ငန်းများ အဆင်ပြေစွာ   ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ လူဦးရေသန်းပေါင်း ၇၉၀၀ ခန့်တွင်   ရောဂါပိုးတွေ့ရှိသူ   ၁၈၅ သန်း ကူးစက်မှုခံရသဖြင့် ရာခိုင်နှုန်းအရနည်းပါးကြောင်း၊ မိမိတို့နိုင်ငံသည်   ရောဂါကူးစက်မှုနှုန်းရာခိုင်နှုန်း များပြားသည့်နိုင်ငံတွင် မပါရှိသေးသော်လည်း ပေါ့ဆ မနေဘဲ   လိုအပ်သည့်   ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် COVID-19 ကာကွယ်ရေးနှင့် ပတ်သက်၍ ထုတ်ပြန် ထားသည့်စည်းကမ်းချက်များအား သတိတရားရှိရှိ ဖြင့် တိတိကျကျ လိုက်နာမည်ဆိုပါက   ကူးစက်မှုနှုန်း အား လျှော့ချနိုင်မည်ဖြစ်ကြောင်း။


 သတိပေးဆောင်ရွက်နေရန်လို


    COVID- 19   ရောဂါကာကွယ်ရေးအတွက် လိုက်နာရန်အချက်များအား ပြည်သူများ သိရှိစေရေး ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများနှင့် ပုဂ္ဂလိက   ရုပ်မြင်သံကြားဌာနများ၊ ရေဒီယိုသတင်းဌာနများက   ပညာပေးမှုများ   အမြဲ မပြတ်     သတိပေးဆောင်ရွက်နေရန်    လိုကြောင်း၊ တစ်ဖက်က သတိပေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့ သို့တစ်ဖက်မှလည်း ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ခြင်းနှင့် ကုသ ခြင်းအပိုင်းများကို ဆောင်ရွက်နေရန် လိုအပ်သကဲ့သို့ နိုင်ငံ၏စီးပွားရေးမကျဆင်းအောင်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေး အတွက် အားလုံးတက်ညီလက်ညီ     စည်းကမ်းရှိရှိဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက     အောင်မြင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီအဖွဲ့ဝင်များ၊    ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်   အစည်းအဝေးသို့ တက်ရောက်လာကြသူများက COVID-19 ရောဂါ ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးဆိုင်ရာများနှင့် ပတ်သက်၍      ရောဂါကူးစက်ခံရသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ   ရရှိ ရေး ဆောင်ရွက်နေမှုအခြေအနေ၊ Stay at Home ပြုလုပ်ထားသည့် မြို့နယ်များအပြင်  အခြားမြို့နယ် များတွင်လည်း COVID-19 စည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာရေးအတွက် Campaign များ ပြုလုပ်ရန်ဆောင်ရွက်နေမှု၊  လုံခြုံရေးအဖွဲ့များမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရေးနှင့်    ရောဂါ ကူးစက်မှုခံရသည့်   လူနာများအား   ဆေးရုံများတွင် လက်ခံကုသဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ကုသ ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်အတွက် ပြင်ပဝန်ထမ်းများအား   နေ့စားအနေဖြင့်  ခန့်အပ် ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊   ကူးစက်မှုများ လျော့ကျစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ ကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက်   သွားလာမှုကို လျှော့ချခြင်းနှင့်  လူတိုင်း Face Mask များ တပ်ဆင် ရေး ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးမှု     လုပ်ငန်းများအား အများပြည်သူများသိရှိရေး   ဆောင်ရွက်လျက်ရှိ သည့်အခြေအနေနှင့် တိုးချဲ့ဆောင်ရွက်ရန် လိုအပ် သည့်အခြေအနေ၊ လူအများစုဝေးနိုင်သည့် ဘာသာ ရေးဆိုင်ရာနေရာများ၊   အကျဉ်းဦးစီးဌာနများကို လည်း နှိုးဆော်ဆောင်ရွက်သွားမည့်  အခြေအနေ၊ ကာကွယ်ဆေးများထိုးနှံရာတွင်လည်း   သက်ကြီး ရွယ်အိုများနှင့် စက်ရုံ၊ အလုပ်ရုံများ၊ ဘဏ်များနှင့် အခြားပုဂ္ဂလိကဝန်ထမ်းများအား ဦးစားပေးထိုးနှံ ဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ COVID-19 ကူးစက်မှုကြောင့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရေး ဘဏ်များအား   COVID- 19  စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ ရောဂါ ကူးစက်ခံရသူများအား တပ်မတော် တပ်ရင်း/တပ်ဖွဲ့များတွင် လက်ခံထားရှိကုသနိုင်ရေး ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဆေးရုံများတွင် အောက်ဆီဂျင်   လုံလောက်စွာ    ရရှိရေးအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်ဖြန့်ဝေပေးနေမှု အခြေအနေများအား ဆွေးနွေးတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ကာကွယ်ရေးသည် အဓိကအရေးအကြီး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်     မိမိတို့အနေဖြင့် ဆွေးနွေးမှုများသာမက        လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်     ဆက်လက်ဆောင်ရွက်နေရန်လို ကြောင်း၊ ကာကွယ်ရေးသည်အဓိက   အရေးအကြီးဆုံး ဖြစ်သဖြင့်    ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။


တာဝန်သိသိ ပူးပေါင်းဆောင်ရွက်


ဆက်လက်၍  ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အပိုင်းတွင် အားလုံးဝိုင်းဝန်း  ပါဝင်ဆောင်ရွက်နိုင် ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင်    “အဓိကက တော့     ကာကွယ်ရေးပိုင်းက    အရေးအကြီးဆုံးပဲ။ ကာကွယ်ရေးမှာ  မနိုင်လို့ရှိရင်  ကုသရေးမှာလည်း တော်တော် heavy ဖြစ်မယ်။ အဲဒီတော့ ကာကွယ်ရေး ကတော့ အရေးအကြီးဆုံးပဲ။ ကာကွယ်ရေးကို ဦးစား ပေးပြီးတော့ လုပ်တာတော့ ပိုပြီးတော့ကောင်းမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါကြောင့် အများပြည်သူ ကနေပြီးတော့မှ  လိုက်နာရမယ့်  စည်းကမ်းတွေ တလေးတစားကို လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုက လည်း Co-operation ၊ Co-ordination ပေါ့။ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ဖို့လည်းလိုတယ်။  ဟိုလူတွေ၊ ဒီလူတွေ    ခွဲလို့မရပါဘူး။  အရေးကြီးတာကတော့ လူသားတစ်ယောက်ရဲ့ကျန်းမာရေးအပေါ် မူတည်ပြီး တော့ လုပ်ကြရတာဖြစ်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ်ပါ။  ဖြစ်လာလို့ရှိရင်တော့   အကုန်လုံး    လုပ်ပေးရမယ့် သဘောရှိတယ်။ လုပ်ရမယ့်သဘောလည်းရှိတယ်။ လုပ်ပေးရမယ့် သဘောလည်းရှိတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း   ငြင်းပယ်လို့   မရပါဘူး။ နောက် တစ်ခါထုတ်လို့ရတဲ့ လူ့စွမ်းအားအရင်း အမြစ်တွေကို။ စောစောက   ဆွေးနွေးရင်းနဲ့  ကျွန်တော်ချက်ချင်း တန်းပြောတယ်။ ကျွန်တော်တို့ဆီမှာ ဆေးတပ်ကြပ် တွေရှိတယ်။ Medical Corporal တွေ Medical Sergeant တွေရှိတယ်။  MA တွေရှိတယ်။ သူတို့လည်း သုံးလို့ရတယ်။ အနည်းဆုံးတော့ Third Grade တက်ပြီးသားတွေပဲ။ အနည်းဆုံးတော့ ဆေးထိုးပေး လို့ရတယ်ဗျာ။  ကျွန်တော်က  သတိရတာနဲ့ ချက်ချင်း တန်းပြောတာ။ မေ့သွားမှာစိုးလို့ ချက်ချင်းလုပ်ပါလို့ ဒါကိုပြောလိုက်တာ။ အဲဒီတော့ အပြင်မှာလည်း ဒီလို မျိုး သင်တန်းတက်ပြီးသားတွေ ရှိလိမ့်မယ်။ ဒါတွေ လည်း ကြေညာလိုက်ပါ။ အတတ်နိုင်ဆုံး Volunteer အဖွဲ့မှာ  လာကူညီကြဖို့ပေါ့။  ကျန်းမာရေး   တစ်ခုနဲ့ ပတ်သက်ပြီး သင်တန်းတက်ပြီးသားသူတွေက နီးစပ် ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့   ကျန်းမာရေး ဆေးရုံတွေမှာ     လာရောက်ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးဖို့   နိုင်ငံတော်က ကြေညာပေးလိုက် တာကောင်းမယ်။   အဲ့ဒါဆိုရင်တော့   ပိုပြီးတော့ ထိရောက်လိမ့်မယ်။ အများကြီးရနိုင်တယ်။ မြန်မာ တွေက Volunteer စိတ်ရှိပါတယ်။ သူများတိုင်းပြည်နဲ့ မတူတာက  ကျွန်တော်တို့မှာ  လူမှုရေးစိတ်ရှိတယ်။ ကူကြ၊    ကယ်ကြမယ့်သူတွေအများကြီး   ရှိတယ်။ အဲဒီတော့   ရအောင်လုပ်မယ်လို့ဆိုရင်   ဘယ်လိုမှ မဖြစ်စရာ အကြောင်းမရှိဘူး။ အဲ့ဒါကြောင့် အဓိက ကတော့  ကာကွယ်ရေးပိုင်းမှာ လုပ်ဖို့ရယ်။ ပြည်သူ လူထုရဲ့ပူးပေါင်းဆောင်ရွက်မှု၊    တိုင်းသူပြည်သား တွေရဲ့   တာဝန်သိသိ   ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုပ်မယ်ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ကျွန်တော် ပြောလိုပါတယ်။ အဲ့ဒါကိုအဓိကထားပြောလိုပါတယ်” ဟု ပြောကြားသည်။ 


ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ 
ဆက်လက်ဆောင်ရွက်သွားမည်


ထို့နောက် ဝါဆိုလပြည့်နေ့၊ အီဒုလ်အဿွာဟာ နေ့နှင့်    အာဇာနည်နေ့များသည်   လူအများနှင့် သက်ဆိုင်သည့်နေ့များဖြစ်ခြင်းကြောင့်  လူစုလူဝေး များဖြစ်ပေါ်လာနိုင်သဖြင့်   COVID-  19   ဆိုင်ရာ စည်းမျဉ်း  စည်းကမ်းများအား  တိကျစွာဖြင့် အလေး ထား လိုက်နာရန်နှင့် လူစုလူဝေးများ မပြုလုပ်ကြရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးသာမက ကုသဆေး များ လုံလုံလောက်လောက်ရှိစေရေး ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားရန်လိုကြောင်း၊ COVID- 19 ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးနှင့်   ပတ်သက်၍ ဘဏ္ဍာငွေများ   သုံးစွဲရာတွင်  မည်သည့်ကန့်သတ် ချက်မျှ   ကန့်သတ်ထားခြင်းမရှိကြောင်း၊   ထိထိ ရောက်ရောက်၊   မှန်မှန်ကန်ကန်၊   မြန်မြန်ဆန်ဆန် အသုံးချနိုင်ရေး    သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊   ရောဂါဖြစ်ပွားနေသူ များအတွက် အောက်ဆီဂျင်လိုအပ်မှုနှင့် ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်လျက်ရှိပြီး Oxygen Plant များ အမြန်ဆုံးစွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး နှင့်   Liquid  Oxygen များ       ဖြည့်တင်းနိုင်ရေး၊ ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းသုံး  Oxygen  Plant  များကိုလည်း အသုံးပြုနိုင်ရေး   လုပ်ဆောင်ထားပြီး  ဥပမာအားဖြင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC)၏   စက်မှု လုပ်ငန်းသုံး Oxygen Plant များမှလည်း အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး  ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ကန့်သတ်စောင့်ကြည့်ရမည့်သူများကို  နေရာဒေသအလိုက်  ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း၊ တပ်ဖွဲ့များကို  ပြင်ဆင်ခိုင်း ထားကြောင်း၊ မိမိတို့နိုင်ငံ၌ တပ်ရင်း၊ တပ်ဖွဲ့များသည် မြို့နှင့်   ဒေသအများစု၌  ရှိသောကြောင့်  ထိထိ ရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့်  လူနာတင်ယာဉ်များ ကို  အမှန်တကယ်အသုံးပြုနိုင်ရေး  စီစဉ်ဆောင်ရွက် ထားသကဲ့သို့ အရေးပေါ်လူနာများ ရွှေ့ထုတ်ရေး၊ အချိန်မီသယ်ဆောင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊   လိုအပ်သည့်နေရာများ၌   တပ်မတော်မှ လေယာဉ် ရဟတ်ယာဉ်များအသုံးပြု၍  ပို့ဆောင်နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိပြောခဲ့သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   ကာကွယ်ဆေးများ  မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ထိထိရောက် ရောက်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏   သတင်းအခြေအနေမှန်အား ဦးစီး အဖွဲ့မှအချိန်နှင့် တစ်ပြေးညီ သိရှိနေမှသာ ကြိုတင် ပြင်ဆင်၍ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်