
နေပြည်တော် ဇူလိုင် ၉
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အမှာစကားပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကား ပြောကြားရာတွင် COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံအချို့ တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းနှင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် စတင်ဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံတွင် မတ်လ ၂၃ ရက်တွင် စတင်ဖြစ်ပွားခဲ့ ကြောင်း၊ ရောဂါဖြစ်ပွားမှု ပထမလှိုင်း ကာလနှင့် ဒုတိယလှိုင်းကာလများတွင် ဖြစ်ပွားမှုနှုန်း နည်းပါးခဲ့သော်လည်း ယခုနှစ် မေလနှောင်းပိုင်းနှင့် ဇွန်လဆန်း ပိုင်းတွင် တတိယလှိုင်းဖြစ်ပေါ်လာပြီး ကူးစက်မှုနှုန်း မြင့်တက်လာခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ထိုအခြေအနေကို စိုးရိမ် နေရုံဖြင့်မရဘဲ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် ရှိသည်များကို ဆက်လက်ဆောင်ရွက်နေ ရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ် ခြင်းနှင့် ကုသခြင်း အပိုင်းနှစ်ခုရှိကြောင်း၊ မိမိတို့နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ တွင် ၂၉၆ မြို့နယ်တွင် ရောဂါပိုးကူးစက်မှုရှိ ကြောင်း၊ COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များအား အများပြည်သူများ တိတိကျကျ လိုက်နာ ရန်နှင့် လူစုလူဝေးများ မပြုလုပ်ရန် လိုအပ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း အတတ်နိုင်ဆုံး အကာကွယ်များဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ ကိုယ်ခံစွမ်း အားများ ကောင်းမွန်အောင် နေထိုင် စားသောက်ရန်လည်း လိုအပ်ကြောင်း၊ ယခုအခါ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားကြောင်း၊ နိုင်ငံအတွင်း COVID-19 ရောဂါ ဖြစ်ပွားမှုအား မျက်ခြည်မပြတ်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအချိန်တွင် COVID-19 ရောဂါကာကွယ်ရေးသည် နိုင်ငံအတွက် အရေးကြီးသည့် အနေအထားတစ်ခုဖြစ် ကြောင်း ပြောကြားသည်။
ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က COVID-19 ရောဂါကာကွယ် ဆေးထုတ်လုပ်နိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်နိုင်ရေးနှင့်ပတ်သက်၍ ပြောကြားရာ တွင် “ကျွန်တော်တို့အနေနဲ့ ကာကွယ် ကုသခြင်းအပိုင်းမှာလည်း တစ်ဖက်က လည်း ကျွန်တော်တို့ဆေးတွေ ဝယ်ခဲ့တာ ရှိတယ်။ အရင် အစိုးရလက်ထက်တုန်းက ဆေးဝယ်ခဲ့တာရှိတယ်။ အိန္ဒိယနိုင်ငံကနေ ကျွန်တော်တို့ဆေးဝယ်တာ အလုံးသန်း ၃၀ ကျွန်တော်တို့ ဝယ်ခဲ့ပါတယ်။ ဝယ်ခဲ့တဲ့ အခါမှာလည်း ပထမအသုတ် ၂ သန်း ရောက်ပြီးတော့ နောက်ပိုင်းကျတော့ အကြောင်း အမျိုးမျိုးနဲ့။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သူတို့ရဲ့ ရောဂါပြန့်ပွားမှု အခြေအနေအရ သူတို့ ကန့်သတ်မှုတွေ ပြုလုပ်တဲ့အခါမှာ သူတို့ မှာလည်းပေးဖို့အတွက် အခက်အခဲတွေရှိ ပါတယ်။ ဒီသန်း ၃၀ မှာလည်း ကြိုတင် ငွေလည်း ပေးပြီးသားပါ။ ၇၅ သန်း ကျွန်တော်တို့ပေးထားတယ်။ အဲ့ဒီတော့ ၂ သန်းရောက်ပြီးတော့ နောက်ထပ် ထပ်မလုပ်နိုင်ဘူး။ ဒီကြားထဲမှာ တရုတ် နိုင်ငံကနေပြီးတော့ ကူညီပေးတဲ့ ဆေးတွေရှိပါတယ်။ နောက် တခြား အလှူရှင်တွေကနေပြီးတော့ လှူပေးတဲ့ Small amount လှူပေးတာတွေလည်း ရှိပါတယ်။ နောက် ကျွန်တော်တို့လည်း လိုအပ်ချက်အရ ရုရှားနိုင်ငံကို သွားတဲ့ အချိန်မှာလည်း ရုရှားနိုင်ငံမှာ ကျွန်တော် ကိုယ်တိုင်ပဲ ကာကွယ်ရေးဝန်ကြီးရော၊ သူတို့ရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး ချုပ်နဲ့လည်း တွေ့ဆုံပြီးတော့ ဒါလိုချင် တယ်ဆိုတော့ သူတို့ချက်ချင်းပဲ အရေး တယူဆောင်ရွက်ပေးတယ်။ ၂ သန်း လိုချင်တယ်ပြောတော့ ရမယ်တဲ့။ သူတို့ မှာလည်း အခက်အခဲက ဘာလဲဆိုတော့ သူတို့ရဲ့ Capacity က ထုတ်နိုင်တဲ့ Capacity က အများကြီးမရှိဘူး။ တစ်ကမ္ဘာလုံး သူတို့ကဖြန့်နေရတာ။ ဖြန့်နေရတော့ သူတို့ကလည်း မပေးနိုင် ဘူး ဖြစ်နေတာ။ ခွဲခွဲပြီး ပို့နေရတာ။ မရတော့မဟုတ်ဘူး။ ဒီလထဲမှာပဲ သူတို့ စပို့မယ်ဆိုပြီးတော့ ပြောပါတယ်။ ဘယ်လောက်ပေးနိုင်မယ်ဆိုတာကတော့ ပို့တဲ့အချိန်မှပဲစပြီး amount ကို သူတို့က ပြောနိုင်မယ်ပြောပါတယ်။ သောင်းဂဏန်း အထက်တော့ရှိပါလိမ့်မယ်လို့ သူတို့က ပြောပါတယ်။ ဒီလိုပဲ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့ကို ဆေးဝါးအကူအညီတွေ၊ ကာကွယ်ဆေးတွေ အကူအညီပေးခဲ့တာ ရှိသလိုပဲ အခုလည်း နောက်ထပ်ပြီး ၅ သန်း ကျွန်တော်တို့အပေါ်မှာ ရောင်းချပေး တာတွေရှိတယ်။
နောက်ကျွန်တော်တို့က ပုဂ္ဂလိက ဆေးရုံတွေ၊ ကုမ္ပဏီတွေကို လည်း COVID-19 ဆေးဝယ်ယူရေးနဲ့ ပတ်သက်ပြီး ခွင့်ပြုပေးခဲ့တာတွေ ရှိပါ တယ်။ ဒါကတော့ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ပါ ဒါလည်းလုံလောက် ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၅ သန်းရှိပါတယ်။ သူတို့ပြောတာတော့ ၁၈ နှစ်နဲ့အထက်ကို ထိုးဖို့ပြောတာပေါ့လေ။ သို့သော်လည်းပဲ ၁၈ နှစ်အောက်ကလည်း လူပဲဖြစ်တယ်။ သူတို့အတွက် Effect ဖြစ်မယ်။ Save ဖြစ်မယ်ဆိုရင်လည်း ကျွန်တော်တို့က သူတို့ထိုးနိုင်ဖို့အတွက် စီစဉ်ပေးရမှာ ဖြစ်တယ်။ အဲ့ဒါတော့ ဘယ်အရွယ်ထိ ထိုးနိုင်မယ်ဆိုတာတော့ ဆုံးဖြတ်လို့မရ သေးပါဘူး။ ဒါ သက်ဆိုင်ရာဆေးထုတ် လုပ်တဲ့ နိုင်ငံတွေရဲ့ ကြေညာချက်တွေ အပေါ်မူတည်ပြီး ကျွန်တော်တို့ ဆောင် ရွက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဝယ်မယ့်ဆေးက၊ လက်ရှိဝယ်ထားတဲ့ ဆေးက သိပ်များတာမဟုတ်တဲ့အတွက် ကြောင့် ပြည်တွင်းမှာလည်း မြန်မာနိုင်ငံဆေးဝါးစက်ရုံကနေပြီးတော့ ဆောင်ရွက် နိုင်တဲ့ အနေအထားမှာရှိရင် ထုတ်ဖို့ဆိုပြီး ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာရှိပါ တယ်။ ဒါလည်း ရုရှားနိုင်ငံမှာ ဆွေးနွေး ရာမှာ မူအားဖြင့် သူတို့သဘောတူပြီး ဖြစ်ပါတယ်။ သူတို့သဘောတူတယ်။ ပူးပေါင်းဆောင်ရွက်ချင်တယ်။ သူတို့ဒီမှာ လာကြည့်ပါရစေ။ လာကြည့်ပြီးတော့ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ် မယ်ဆိုပြီးတော့ပြောပါတယ်။ ဒီလထဲမှာ သူတို့လာဖို့ရှိပါတယ်။ ကျွန်တော်ကတော့ စောနိုင်သမျှ စောအောင်လာနိုင်ဖို့အတွက် ဖိတ်ထားတာရှိပါတယ်။ သူတို့တင် မဟုတ်ပါဘူး။ ကျန်တဲ့ အခြားပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်တွေကလည်း အကုန်လိုက်လာကြမှာပါ။ သို့သော်လည်း မြန်မာနိုင်ငံမှာက လက်ရှိအခြေအနေမှာ က ဖြစ်ပွားမှုနည်းနည်းလေး များနေတဲ့ အတွက် သူတို့လာနိုင်တဲ့ အခြေအနေကို လည်း ချင့်ချိန်ဖို့တော့ ရှိပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါတော့ ကျွန်တော်တို့က ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ ပြောခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဝယ်ထားတဲ့ဆေးတွေ လည်း ဆောလျင်စွာ မြန်မြန်ပြီးစီးအောင် ထိုးဖို့လည်း လိုပါတယ်။ လက်ထဲမှာ ဘာမှ လက်ကျန်မထားပဲနဲ့ သူ့ course အတိုင်း ပြည့်အောင်ထိုးဖို့လည်း လိုပါ မယ်”ဟု ပြောကြားသည်။
ရောဂါကုသခြင်း
ဆက်လက်ပြီး ရောဂါကုသခြင်း အပိုင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် “နောက်တစ်ခါ ကျွန်တော်တို့ ကုသရေး အပိုင်းနဲ့ပတ်သက်ပြီးတော့ ဆေးရုံတွေ လည်း အတတ်နိုင်ဆုံး။ ပြီးခဲ့တဲ့လက တည်းက ကျွန်တော်တို့က ဆေးရုံတွေ အကုန်လုံး ပြင်နေတာတွေရှိတယ်။ စိတ်ထဲမှာ သံသယဖြစ်တာနဲ့ အကုန်လုံး ဆေးရုံတွေ ပြင်ခိုင်းထားတာရှိတယ်။ အရင်ကလည်းလုပ်ပြီးသားပါ ကျွန်တော် တို့ မဖျက်ပါဘူး။ ဒါလည်း ပြန်ပြီးတော့ တပ်လှန့်နှိုးဆော်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါတွေဆောင်ရွက်မှု အခြေအနေ တွေကိုလည်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်များက တင်ပြပေးဖို့ ကျွန်တော်ပြောလိုပါတယ်။ နောက်တစ်ခုက ဘာလဲဆိုရင် ကျန်းမာ ရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိ နိုင်ငံရေးအခြေအနေအရ တချို့ နေရာတွေမှာ အခက်အခဲရှိတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဖြန့်လို့ရတဲ့သူတွေကို ကျွန်တော်တို့က Distribution ပြန်လုပ် မှာပေါ့။ များတဲ့နေရာကနေပြီးတော့ နည်းတဲ့နေရာကို၊ မရှိတဲ့နေရာကို သွားဖို့ တစ်ခုရှိမယ်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ဘဏ္ဍာငွေများသုံးစွဲရာတွင် မည်သည့် ကန့်သတ်ချက်မျှ ကန့်သတ်ထားခြင်းမရှိကြောင်း၊ ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန်၊ မြန်မြန် ဆန်ဆန် အသုံးချနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာန များက ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရောဂါ ဖြစ်ပွားနေသူများအတွက် အောက်ဆီဂျင်လိုအပ်မှု နှင့်ပတ်သက်၍ အမြန်ဆုံးဆောင်ရွက်လျက်ရှိပြီး Oxygen Plant များ အမြန်ဆုံးစွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးနှင့် Liquid Oxygen များ ဖြည့်တင်းနိုင်ရေး၊ ထုတ်လုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းသုံး Oxygen Plant များကိုလည်း အသုံးပြုနိုင်ရေး လုပ်ဆောင်ထားပြီး ဥပမာအားဖြင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC)၏ စက်မှုလုပ်ငန်းသုံး Oxygen Plant များမှလည်း အောက်ဆီဂျင်လိုအပ် ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံ လုံးရှိ တပ်ရင်း၊ တပ်ဖွဲ့များကို ပြင်ဆင်ခိုင်းထား ကြောင်း၊ မိမိတို့နိုင်ငံ၌ တပ်ရင်း၊ တပ်ဖွဲ့များသည် မြို့နှင့် ဒေသအများစု၌ ရှိသောကြောင့် ထိထိ ရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လူနာတင်ယာဉ် များကို အမှန်တကယ်အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်ထားသကဲ့သို့ အရေးပေါ်လူနာများ ရွှေ့ထုတ်ရေး၊ အချိန်မီသယ်ဆောင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်သည့်နေရာ များ၌ တပ်မတော်မှ လေယာဉ် ရဟတ်ယာဉ်များ အသုံးပြု၍ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိပြောခဲ့သလို တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကာကွယ်ဆေးများ မကြာမီ ရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ သတင်းအခြေအနေမှန်အား ဦးစီးအဖွဲ့မှ အချိန်နှင့် တစ်ပြေးညီ သိရှိနေမှသာ ကြိုတင်ပြင်ဆင်၍ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်