
ယခုအခါ ရောဂါဖြစ်ပွားသူတစ်ဦးထံမှ အခြားကူးစက်ခံရနိုင်ခြေရှိသူများထံ ကူးစက်မှုအခြေခံနှုန်းမြင့်မားသည့်အတွက်
မန္တလေးမြို့နှင့် အနီးအနားမြို့များ၌ အထူးဂရုစိုက်၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်
မန္တလေး ဖေဖော်ဝါရီ ၁၅
Coronavirus Disease (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ကုသ ရေးအတွက် မန္တလေးမြို့ပေါ်ဆေးရုံများအားလုံးတွင် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျင်းပ သည်။ (ယာပုံ)
အသိပေးရှင်းပြ
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် Coronavirus Disease 2019(COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ဖြစ်ပွားမှု သည် အချိန်နှင့်အမျှပြောင်းလဲနိုင်သည့် အခြေအနေ ဖြစ်နေသောကြောင့် မိမိတို့အနေဖြင့် မန္တလေးမြို့ရှိ ဆေးရုံအုပ်ကြီးများနှင့် မန္တလေးဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်ကြီးများနှင့် ဝန်ထမ်း များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ မည်သည့်ပုံစံဖြင့် ပါဝင်ပံ့ပိုးဆောင်ရွက် ရမည်ကို အသိပေးရှင်းပြရခြင်းဖြစ်ပါကြောင်း၊ မန္တလေး မြို့နှင့် အနီးအနားမြို့များ၌ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသားများ များစွာနေထိုင်သွားလာလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ဤရောဂါဖြစ်ပွားနိုင်မှုအခြေအနေများကို မျက်ခြည်မပြတ် သုံးသပ်ရမည်ဖြစ်ပါကြောင်း။
စောင့်ကြပ်ကြည့်ရှုကုသမှုပေး
ယခုအခါ၌ ဤရောဂါဖြစ်ပွားသူများ၏ သေဆုံးနှုန်း သည် ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာသည် ကို တွေ့ရှိရသည့်အပြင် ဤရောဂါ၏ ရောဂါဖြစ်ပွားသူ တစ်ဦးထံမှ အခြားကူးစက်ခံရနိုင်ခြေရှိသူများထံ ကူးစက် မှုအခြေခံနှုန်းသည်လည်း မြင့်မားသည့်အတွက် မန္တလေး မြို့နှင့် အနီးအနားမြို့များ လည်းကောင်း၊ စက်ရုံ၊ အလုပ် ရုံများ၌ လည်းကောင်း အထူးဂရုစိုက်၍ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုံးဝအရှိန်လျှော့၍မရဘဲ ဆက်လက် အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုအခါ မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ပုဂ္ဂလိကဆေးရုံများတွင် သံသယနှင့် စောင့်ကြည့်လူနာ များကို စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေပြီး အကယ်၍ ဓာတ်ခွဲအတည်ပြုလူနာများ၊ ရောဂါပြင်းထန်သည့် လူနာများ ရောက်ရှိပေါ်ပေါက်လာပါက အရည်အသွေး ပြည့်ဝစွာ ကုသမှုပေးနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆေးပညာပါမောက္ခများ ဝိုင်းဝန်း ရေးသားပြုစုထားသည့် ကုသရေးလမ်းညွှန်များအတိုင်း ကုသပေးရန် အဆင်သင့်စီစဉ်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးသို့ တရားဝင် နှင့် တရားမဝင် ဝင်၊ ထွက်ပေါက်များမှ ဝင်ရောက်လာသောသူများသည်ရောဂါပျိုးချိန် (incubation period) ကာလအတွင်း ရောဂါလက္ခဏာများ မပြသသေးဘဲ ပကတိကျန်းမာစွာ နေထိုင်နေသော်လည်း အချိန်မရွေး ရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်သည့်အချက်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိမိတို့ဝန်ကြီး ဌာနမှ တာဝန်ရှိသူများအနေဖြင့် ဤရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်သူ့ ကျန်းမာရေးဆိုင်ရာရှုထောင့်၊ ကုသရေးဆိုင်ရာရှုထောင့်၊ လူမှုရေးရှုထောင့်၊ စီးပွားရေးရှုထောင့်၊ ကုန်သွယ်ရေး ရှုထောင့် စသည်ဖြင့် ရှုထောင့်ပေါင်းစုံကို ထည့်သွင်း စဉ်းစားပြီး ဆုံးဖြတ်ချက်ချဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်း ခရီးဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက် လာသူများ၏ ရာခိုင်နှုန်းအများစုသည် ၎င်းတို့ ယခင် ကတည်းက ငှားရမ်းထားပြီးဖြစ်သော နေအိမ်များသို့ သွားရောက်နေထိုင်သည်ကို တွေ့ရှိရသည့်အချက်သည် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ အထူးအရေးကြီး၍ အဓိကကျသော အချက်တစ်ခုဖြစ်သည်ကို သိရှိစေလိုပါ ကြောင်း၊ ၎င်းတို့ အများစုတည်းခိုနေထိုင်လျက်ရှိသည့် နေရာများကို မြေပုံစာရင်းပြုစု၍ ၎င်းတို့နေထိုင်ရာ ရပ်ကွက်များ၌ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိ ကုသမှုဆောင်ရွက်နိုင်ရန် ကျန်းမာရေးပညာပေးခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အထူးအရှိန် အဟုန်မြှင့်ကာ ဆောင်ရွက်ရာတွင် တရုတ်ဘာသာစကား ဖြင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
အထူးအလေးပေးဆောင်ရွက်
အလားတူ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင်လည်း တရုတ်ဘာသာဖြင့် ကျန်းမာရေးအသိပညာအချက်အလက် များဖြန့်ဝေခြင်းကို အားဖြည့်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စောစီးစွာ လူနာရှာဖွေဖော်ထုတ်ခြင်း ဆောင်ရွက် ရာတွင် မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြီးသဖြင့် ပြည်သူ များအား COVID-19 ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးခြင်းကို အထူးအလေးပေးဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ကျန်းမာရေးအသိပညာပေးရာတွင် လူ အများနားလည်လွယ်မည့် သတင်းအချက်အလက်များဖြစ် ရန်လိုအပ်သည့်အပြင် အရေးကြီးသည့် ကျန်းမာရေး အသိပညာပေး သတင်းအချက်အလက်များကိုသာ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ်သည်းသည်း အသိပေးခြင်းဖြင့် မိမိတို့၏ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ပိုမို ထိရောက်စေမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်း၌ စောင့်ကြည့်လူနာနှင့် သံသယလူနာများအား သီးခြားထားရှိ ကုသမှုပေးရာတွင် လူနာများအား ဆေး ကုသမှုပေးခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက် ရုံသာမကလူနာများနှင့် အနီးကပ်ထိတွေ့သူများအား ရှာဖွေ ခြင်းနှင့် ၎င်းတို့အား နေအိမ် (သို့မဟုတ်) ဆေးရုံတွင် ရောဂါဖြစ်ပွားမှုရှိ၊ မရှိအခြေအနေကို စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများသည် ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့် အရေးပါသည့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများဖြစ်ကြောင်း။
သေဆုံးနိုင်ခြေနည်းပါး
ထိုသို့ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှုခြင်း ခံရသူတွင် အကယ်၍ 2019-nCoV လတ်တလောအသက် ရှူလမ်းကြောင်းရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်းကုသမှုပေးနိုင်သည့်အတွက် ရောဂါပြင်းထန် သေဆုံးနိုင်ခြေနည်းပါးသည့်အပြင် ၎င်းမှတစ်ဆင့် အတူ နေထိုင်သောမိသားစုများနှင့် မိတ်ဆွေများထံသို့ ကူးစက်မှု မဖြစ်ပွားနိုင်တော့သဖြင့် အသွားအလာကန့်သတ် ပိတ်ပင် ၍ ရောဂါဖြစ်ပွားမှုအခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများသည် အားလုံးအတွက် အကျိုးရှိသည့်ကိစ္စရပ် ဖြစ်သည်ကို ပြည်သူများ သိရှိနားလည်စေရေးဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မျိုးဆက်သစ်ဆရာဝန်နှင့် ပညာရှင် များအတွက် အတွေ့အကြုံနှင့် သင်ခန်းစာများစွာ ရရှိနိုင် ပြီးနောင်ဖြစ်ပေါ်လာမည့် အခြားကပ်ရောဂါဖြစ်ပွားမှုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ များစွာအထောက်အကူပြုနိုင်ပါကြောင်း၊ မန္တလေးပြည်သူ့ ဆေးရုံကြီး၌ ယခုဖြစ်ပွားသော COVID - 19 ရောဂါနှင့် အခြားကပ်အသွင် ဖြစ်ပွားနိုင်သော ရောဂါများအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်းများကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကပ်ရောဂါ ဗေဒပညာရှင်များ၏ အကူအညီဖြင့် အမြန်ဆုံးဆောင်ရွက် စေလိုပါကြောင်း။
မှတ်တမ်းတင်ထားရှိ
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဆောင်ရွက်လျက် ရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားရှိကာ ထိုမှတ်တမ်းများ ကို ဆန်းစစ်သုံးသပ်၍ နောက်ဖြစ်ပေါ်လာမည့် ကပ်အသွင် ဖြစ်ပွားမှုများအတွက် ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် စောင့် ကြည့်လူနာနှင့် သံသယလူနာများအား သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှုကုသမှုပေးခြင်းနှင့် ရောဂါထိန်းချုပ် ခြင်းလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အလွယ်တကူ သိရှိစစ်ဆေးနိုင်ရန် ပုံစံတစ်ခုပြုစု၍ စိစစ် သုံးသပ်ခြင်း (Quick review of preparedness on ho-spitals) ကို ဆောင်ရွက်စေလိုပါကြောင်း၊ ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားချိန်များတွင် ကန်တော်နဒီဆေးရုံကို လူနာများ သီးခြားထားရှိကုသခြင်းနှင့် အနီးကပ်ထိတွေ့ သူများအား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် ကူးစက်ရောဂါကုသသည့် သတ်မှတ်ဆေးရုံ အဖြစ်သတ်မှတ်ပြီး ကြိုတင်ပြင်ဆင်ထားရှိသွားရန် လိုအပ် ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း မဟုတ်မမှန်သတင်းများ၊ ကောလာဟလများကို ပြည်သူ့ ထံသို့ ချက်ချင်းရှင်းလင်းနိုင်ရန် အစီအမံများ စီစဉ် ဆောင်ရွက်ထားရှိစေလိုပါကြောင်း။
ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို ပါဝင်ဆောင်ရွက်နေသူ အားလုံးသိရှိစေရန် သတင်းအချက်အလက်များ မျှဝေရန်လုပ်ငန်းများ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြန်လည်စိစစ်သုံးသပ်ခြင်းဆောင်ရွက်ပြီး လိုအပ်သည်များ အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ချိတ်ဆက်ဆောင်ရွက်
မန္တလေးပြည်သူ့ဆေးရုံကြီး၌ တစ်ကိုယ်ရေ ရောဂါ ကာကွယ်ရေးဝတ်စုံများ အလျင်အမြန် ထပ်မံရရှိရေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ဆောင်ရွက်ပြီးဖြစ်သဖြင့် ရရှိပါ က ချက်ချင်းထပ်မံ၍ ပေးပို့မည်ဖြစ်ပါကြောင်း ပြောကြား သည်။
အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID-19 ရောဂါ စတင်ကူးစက်ဖြစ်ပွားမှုနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့မှုနှင့် ပတ်သက်သည့်အချက်အလက်များ၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုပါ ကြေညာချက်မတိုင်မီ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၅ ရက်မှစတင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ပြောင်းလဲလာသည့် ရောဂါကူးစက်ဖြစ်ပွားမှုပေါ် မူတည်၍ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူလူထုအားအချိန်နှင့် တစ်ပြေးညီမှန်ကန်သော သတင်းများ ပြန်ကြားပေးမည့်အစီအစဉ်များ၊ မဟုတ် မမှန်သတင်းများသည် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်ခြင်း (Fear)၊ စတင်ခံစားရပြီး ၎င်းမှသည် အမျက်ဒေါသထွက်ခြင်းနှင့် အမုန်းတရားကို ဖြစ်ပေါ်စေ သဖြင့် မဟုတ်မမှန်သတင်းများသည် အမုန်းစကားဖြစ် စေနိုင်သည့်အတွက် မဟုတ်မမှန်သတင်းများ၊ ကောလာ ဟလများနှင့် ပတ်သက်၍ ပြည်သူများထံသို့ ချက်ချင်း ရှင်းလင်းတင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို ပါဝင်ဆောင်ရွက်နေသူအားလုံး သိရှိစေရန် သတင်းအချက်အလက်များ မျှဝေရန်လုပ်ငန်းများ၊ စောင့် ကြည့်လူနာ၊ သံသယလူနာများတွေ့ရှိမှု များပြားလာပါက ဆေးရုံများတွင် ရောဂါကာကွယ်ရေးဝတ်စုံများ(Perso-nal Protective Equipment- PPE) များ ပိုမိုလိုအပ် လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်မည့် အခြေအနေ၊ ရောဂါစောင့်ကြပ်ကြည့်ရှု၍ သတင်းပေးပို့ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ လက်ရှိဆေးရုံ များတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသောလူနာများ၏ ကျန်းမာရေးသက်သာကောင်းမွန်လျက်ရှိသည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးအကြံပြုဆောင်ရွက်
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စု ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန) မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အတွင်းမှ ဆေးရုံအုပ်ကြီးများ၊ ညွှန်ကြားရေးမှူး (ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)၊ နှင့် ပြည်သူ့ ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth စသည့်ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ် သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ သည်။
သတင်းစဉ်