ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၃-၇-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၁၇ /၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။
၂။ အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အောက်ပါစည်းကမ်းချက်များနှင့်အညီ နေထိုင်၊ ဆောင်ရွက်ရန် ဖြစ်သည် -
(က) မိမိတို့၏နေအိမ် သို့မဟုတ် အဆောင်များတွင်သာ နေထိုင်ရန်နှင့် တာဝန်နှင့် နာရေးမှအပ ခရီးသွားလာခြင်း လုံးဝမပြုလုပ်ရန်၊
(ခ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ် များအား ယခင်ရုံးဖွင့်ရက်များအတိုင်း ဖွင့်လှစ်ရန်၊
(ဂ) ကုန်ထုတ်စွမ်းအား မကျဆင်းစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ဖွင့်လှစ်ရန်၊
(ဃ) သက်ဆိုင်ရာဌာနအသီးသီး၏ မဖြစ်မနေဆောင်ရွက် ရမည့် အရေးကြီး ရုံးလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး work from home နည်းလမ်းဖြင့်လည်းကောင်း၊ အခြား သင့်လျော်သည့် နည်းလမ်းများဖြင့် လည်းကောင်း စီမံဆောင်ရွက်ရန်၊
(င) မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သော စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သား၊ ငါးနှင့် အခြေခံ စားသောက်ကုန်များ ရောင်းချသည့် ဆိုင်များသာ ဖွင့်လှစ်ရောင်းချရန်၊
(စ) ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ရောင်းချသည့် ဆိုင်များ ဖွင့်လှစ်ရောင်းချရန်၊
(ဆ) စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ် (take away) ဖြင့်သာ ရောင်းချရန်၊
(ဇ) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်၊ (အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများ နှင့် ဆေးခန်းများ) ၊
(ဈ) မဖြစ်မနေ နေအိမ်မှ ထွက်ခွာသွားရောက်ရမည့်ကိစ္စရပ် များ ပေါ်ပေါက်ပါက ပါးစပ်၊ နှာခေါင်းစည်း(Mask) အပါအဝင် လိုအပ်သော ရောဂါကာကွယ်ရေး အစီအမံများ မဖြစ်မနေဝတ်ဆင်ရန်၊
(ည) မဖြစ်မနေ ခရီးသွားလာရမည့် ပုဂ္ဂိုလ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နှင့် ပတ်သက်သော စက်တပ်ယာဉ် များ ပြေးဆွဲနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသ ကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြေးဆွဲသွားလာခွင့်ပြုရန်၊
(ဋ) ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များ သွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်၊
(ဌ) ကုန်တင်ကုန်ချဆိပ်ကမ်းများကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက်ရန်၊
(ဍ) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန်။
၃။ အထက်ပါစည်းကမ်းချက်များအား လိုက်နာရန် ပျက်ကွက်ပါတည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပါသည်။