Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်း

 

ကျွန်မတို့နိုင်ငံအတွင်းမှာဆိုရင် ကိုဗစ် - ၁၉ ရောဂါရဲ့ အတက်အကျ အခြေအနေတွေကို ပြည်သူတွေက နေ့စဉ်နေ့စဉ် သတင်းတွေမှာ ကြည့်ပြီးတော့ လိုက်ပြီးစုံစမ်းနေတယ်၊ လေ့လာ နေတယ်လို့ ကျွန်မထင်ပါတယ်။ အဲဒီလို စုံစမ်းလေ့လာနေတယ်ဆိုရင် အခုရက်ပိုင်းအတွင်းမှာ အနည်းငယ်ထိန်းချုပ်နိုင်ပြီဆိုတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလို အနည်းငယ်ထိန်းချုပ် လာနိုင်ပြီဆိုတာကလည်း အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါ။ ရှေ့တန်းက ကျန်းမာ ရေးဝန်ထမ်းတွေ ဒါပေမယ့် အဓိကကျတဲ့ ပြည်သူတစ်ဦးချင်း တစ်ဦးချင်းရဲ့ စည်းကမ်းလိုက်နာမှု အပေါ်မှာ မူတည်တာဖြစ်ပါတယ်။
အခုဆိုရင် ကျွန်မတို့နိုင်ငံမှာ ကိုဗစ်ရောဂါရတဲ့ ပြည်သူများဟာ သုံးသောင်း ကျော်သွားပါပြီ။ အဲဒီသုံးသောင်းကျော်သွားတဲ့ အထဲမှာဆိုရင် ၄၅ ရာခိုင်နှုန်းလောက်က ဆေးရုံပြန်ဆင်းပါပြီ။ ကုသပြီးတော့ ပြန်ပြီးကျန်းမာလာပြီ။ ဆေးရုံပြန်ဆင်းသွားပြီဖြစ်ပါတယ်။
ဒါပေမယ့် ဒီထဲမှာ အသေအပျောက်ကလည်းရှိပါတယ်။ အဲဒါ ၇၀၀ ကျော်ပြီ ဆိုတော့ ၂ ဒသမ ၄ ရာခိုင်နှုန်းလို့ ပြောနိုင်ပါတယ်။ ဒီလိုသေဆုံးတဲ့ပြည်သူတွေရဲ့ အခြေအနေကို ကြည့်လိုက်တဲ့အခါ ၉၅ ရာခိုင်နှုန်းလောက်က အခြေခံအခြား ရောဂါတွေရှိတဲ့ သူတွေဖြစ်တယ်ဆိုတာ မြင်ရပါတယ်။ ဒါကြောင့် အခြေခံ ကျန်းမာရေးကောင်းဖို့က အင်မတန် အရေးကြီးပါတယ်။ အခြေခံကျန်းမာရေး ချို့ယွင်းချက်ရှိသူများ၊ အားနည်းချက်ရှိသူများအနေနဲ့ ပိုပြီးတော့ သတိထားဖို့ လိုပါတယ်ဆိုတာ ထပ်တလဲလဲပြောနေတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီးတော့ လည်း သေဆုံးသူများအနေနဲ့ဆိုရင် ၁၉ ရာခိုင်နှုန်းက အသက်ဆုံးရှုံးပြီးမှ၊ အသက်ပျောက်ပြီးမှ ဆေးရုံကိုရောက်လာတာပါ။ အဲဒီလို အသက်ပျောက်ပြီး ဆေးရုံကို ရောက်လာတဲ့အခါ စမ်းသပ်ကြည့်တော့မှ ကိုဗစ်ရောဂါပိုးရှိတယ် ဆိုတာ တွေ့ရပါတယ်။ ၁၉ ရာခိုင်နှုန်းဆိုတာ မနည်းပါဘူး။ အသေအပျောက် ထဲက ၁၉ ရာခိုင်နှုန်းက သေဆုံးပြီးမှ ဆေးရုံကို ရောက်လာတာဆိုတော့ စောစောစီးစီး ဒီရောဂါလက္ခဏာပြတာနဲ့ ဆေးရုံကိုသွားဖို့ သက်ဆိုင်ရာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုသွားဖို့ အရေးကြီးတယ်ဆိုတာ ထပ်ပြီးတော့လည်း သတိပေးချင်ပါတယ်။
ကျွန်မတို့ပြည်သူတွေ တစ်ဦးချင်း တစ်ဦးချင်း ကျန်းမာမှ နိုင်ငံက အင်အားရှိမှာပါ။ အခုအချိန်မှာဆိုရင် နည်းနည်းထိန်းလာနိုင်ပြီဆိုတော့ မပေါ့သွားစေချင်ပါဘူး။ နည်းနည်း ထိန်းလာနိုင်တဲ့အခြေအနေကနေ လုံးဝ ထိန်းနိုင်မယ့် အခြေအနေရောက်ဖို့ဆိုတာဟာ တော်တော်လုပ်ယူရပါဦးမယ်။ သို့သော်လည်း ဒီလိုစလာပြီဆိုတာ ကျွန်မတို့အတွက် အင်အားတစ်ခုပဲ။ လုပ်နိုင်တယ်၊ တကယ်ပဲကြိုးစားရင်၊ တကယ်ပဲဆန္ဒရှိရင်၊ တကယ်ပဲ ဝီရိယ စိုက်ထုတ်ပြီးလုပ်ရင် အောင်မြင်နိုင်တယ်ဆိုတဲ့အသိနဲ့ ဆက်ပြီးကြိုးစား စေချင်ပါတယ်။ နိုင်ငံတော်ဘက်ကတော့ ခဏခဏပြောတဲ့အတိုင်းပဲ တတ်နိုင် သမျှ လုပ်ပေးပါတယ်။ ကျန်းမာရေးဘက်ကရော၊ စီးပွားရေးဘက်ကရော၊ ပြည်သူတွေရဲ့ စိတ်လုံခြုံမှု၊ လူမှုရေးဘက်ကရော တတ်နိုင်သမျှ လုပ်ဆောင် နေပါတယ်။ ပြည်သူတွေဘက်ကတော့ တတ်နိုင်သမျှ တစ်ဦးချင်း တစ်ဦးချင်း ကျန်းမာအောင်ပဲနေပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။
ကုသမှုတွေနဲ့ ပတ်သက်ရင် နိုင်ငံတကာမှာ သုံးနေတဲ့ နောက်ဆုံးသိရ သရွေ့ အကောင်းဆုံးဆိုတဲ့ နည်းပညာတွေကိုလည်း သုံးပါတယ်။ ဆေးတွေ ကိုလည်း သုံးပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဆေးတွေသုံးသုံး၊ ဘယ်လိုပဲ နည်းပညာတွေသုံးသုံး နောက်ဆုံးကျတော့ အထိရောက်ဆုံးကတော့ ပြည်သူတွေ တစ်ယောက်ချင်းတစ်ယောက်ချင်း ကိုယ့်ကျန်းမာရေးအတွက် ကိုယ် ဂရုစိုက်ဖို့ပဲဖြစ်ပါတယ်။ အခု ကိုဗစ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့အချိန် မှာလည်း နိုင်ငံရဲ့တခြားလည်ပတ်ဖို့လိုတဲ့ ယန္တရားတွေလည်ပတ်နိုင်ဖို့လည်း ဆက်ပြီးလုပ်နေရပါတယ်။ စောစောကပြောခဲ့သလိုပေါ့။ စီးပွားရေးဘက် ကိုလည်း ကြည့်ရပါတယ်။ ရေရှည်စီးပွားရေးအမြင်နဲ့လည်း ကြည့်ရပါတယ်။ ဒါကြောင့် အခု စက်ရုံ၊ အလုပ်ရုံတွေမှာ စည်းမျဉ်းစည်းကမ်းတွေ ကိုက်ညီမှုရှိရင် ပြန်ပြီးတော့ လည်ပတ်ခွင့်ပေးတယ်၊ ပြန်ပြီးတော့ ခွင့်ပြုပေးတယ်ဆိုတာ လည်း အနာဂတ်စီးပွားရေးအခြေအနေကို မျှော်မှန်းပြီးတော့ လုပ်ဆောင် နေတာဖြစ်ပါတယ်။
နောက်တစ်ခုက ပြည်တွင်းမှာ ပြည်သူတွေကို ကြည့်တဲ့အပြင် ပြည်ပမှာ ရောက်နေတဲ့ ကျွန်မတို့ ပြည်သူပြည်သားတွေအတွက်လည်း ကြည့်ရပါတယ်။ ဒါကြောင့် ဘယ်လိုပဲပြည်တွင်းမှာ ကိုဗစ်ရောဂါ အခုဒုတိယလှိုင်းနဲ့ ရင်ဆိုင် နေရတယ်ဆိုပေမယ့်လည်း ပြည်ပကနေ ပြန်လာချင်တဲ့ ပြည်သူတွေ ပြန်လာနေမှု အစီအစဉ်ကို မရပ်တန့်ထားပါဘူး။ ဆက်ပြီးတော့ ပြန်လာနေ ပါတယ်။ အခုခြုံငုံကြည့်လိုက်မယ်ဆိုရင် ကိုဗစ်ရောဂါ စပြီးတော့ဖြစ်ကတည်း က လေယာဉ်တွေနဲ့ ပြန်လာတာ သောင်းကျော်ပါပြီ။ နယ်စပ်ကနေပြန်လာတာ နှစ်သိန်းကျော်ပါပြီ။ အားလုံးပေါင်းလိုက်ရင် ၂၅၀၀၀၀ လောက်တော့ ရှိပါပြီ။ ကျွန်မတို့ ပြည်သူတွေပြန်လာနေတာပါ။ဆက်ပြီးတော့လည်း ပြန်လာဦးမှာပါ။ လိုအပ်ချက်တွေအရ တစ်နေ့နဲ့တစ်နေ့ ပိုပြီးတော့ လေယာဉ်တွေနဲ့ ပြန်လာ နိုင်ဖို့လည်း ကျွန်မတို့ စီစဉ်နေပါတယ်။ ပြည်တွင်းမှာ ပြဿနာတွေရှိတယ် ဆိုပြီးတော့ ပြည်ပရောက်နေတဲ့ ပြည်သူတွေကိုလည်း ဘယ်တော့မှ လျစ်လျူ ရှုထားမှာ မဟုတ်ပါဘူး။
တစ်ချိန်တည်းမှာပဲ ရွေးကောက်ပွဲကိစ္စကို မပြောမဖြစ်လို့ ပြောရပါ လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ရင် ပြည်ပမှာ ရောက်နေတဲ့ ကျွန်မတို့ ပြည်သူတွေကိုလည်း အထူးကျေးဇူးတင်တယ် ပြောချင်ပါတယ်။ အထွေထွေရွေးကောက်ပွဲကြီးက စနေပြီလို့ ကျွန်မပြောခဲ့ ပါတယ်။ စတာကလည်း ပြည်ပမှာစတာပါ။ ပြည်ပရောက်နေတဲ့ ပြည်သူ ပြည်သားများဟာ သက်ဆိုင်ရာ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေစသဖြင့် ယူနစ် အသီးသီးမှာ ကြိုတင်မဲတွေ ပေးနေကြပါတယ်။ အဲဒီလို ကြိုတင် မဲပေးတာဆိုရင် အခု ၆၀၀၀၀ ကျော်သွားပါပြီ။ ပြည်ပကနေပြီးတော့ တက်တက်ကြွကြွနဲ့ ကိုယ့်ရဲ့နိုင်ငံသားတာဝန်တွေကို ကျေပွန်စွာထမ်းဆောင် နေတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ကျွန်မပြောချင်ပါတယ်။ ပြည်တွင်းကပြည်သူတွေလည်း ရွေးကောက်ပွဲမှာ လုံလုံခြုံခြုံနဲ့၊ တက်တက် ကြွကြွနဲ့ မဲပေးနိုင်ဖို့အတွက်ကို ကျွန်မတို့ စီစဉ်နေပါတယ်။ ၁၃ ရက်က မဲရုံ တွေမှာ ဘယ်လိုအစီအစဉ်တွေ လုပ်မလဲဆိုတာ ကျွန်မသွားကြည့်ပါတယ်။ ကျွန်မတို့ လေ့ကျင့်ကြည့်တာပေါ့။ တကယ့် ရွေးကောက်ပွဲနေ့မှာဆိုရင် ဘယ်လိုလုပ်မလဲ။ ပြည်သူတွေရဲ့ ကျန်းမာရေးလည်း ကာကွယ်ပေးရမယ်။ မဲပေးနိုင်ခွင့်ကိုလည်း ကျွန်မတို့ကနေပြီးတော့ အားပေးရမယ်၊ ဖြစ်မြောက် အောင်လို့ ကူညီပေးရမယ်။ အဲဒီမှာဆိုရင် တချို့ ဘယ်လိုပိုပြီးတော့ မြန်မြန် ဆန်ဆန် ချောချောမွေ့မွေ့ လုပ်နိုင်မှာလဲဆိုတာလည်း ကျွန်မတွေ့ခဲ့ရပါတယ်။ အဲဒီအစီအစဉ်တွေအတိုင်း လုပ်သွားမှာပါ။
မြန်မြန်ဆန်ဆန် လုပ်စေချင်တယ်ဆိုတာဟာ လူစုလူဝေး မဖြစ်အောင်လို့၊ ကိုဗစ်ရောဂါရဲ့ အဓိကကာကွယ်ရမယ့်အချက်ကတော့ သိပ်ပြီးတော့ လူစု လူဝေးတွေမဖြစ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေနိုင်ဖို့ပဲ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲမှာ မဲရုံတွေမှာလာပြီးတော့ မဲပေးဖို့ လာတဲ့ ပြည်သူတိုင်းကို စစချင်း အဖျားတိုင်းမှာပါ။ အပူချိန်တိုင်းမှာပါ။ အပူချိန် က မြင့်သင့်တာထက် မြင့်နေပြီဆိုရင် ဘယ်လိုစီစဉ်ထားလဲ၊ ကျန်းမာရေး အတွက် ဘယ်လိုလုပ်မလဲဆိုတာလည်း အားလုံးစီစဉ်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် လူစုလူဝေး မဖြစ်လေ ကောင်းလေပါပဲ။ ဒါကြောင့် ၆ပေ ခွာပြီးတော့ ပြည်သူတွေ တန်းစီဖို့လုပ်ထားတယ်။ ကြာကြာတန်းစီဖို့ မလိုအောင်လို့ မြန်မြန် ဆန်ဆန် ထွက်နိုင်အောင်လို့ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ ကျွန်မတို့ သတ်မှတ်မလဲဆိုတာ သေချာလေ့လာထားပြီးပါပြီ။
နောက်အပတ် ၂၀ ရက်နေ့မှာဆိုရင် နောက်တစ်ကြိမ် ထပ်ပြီးတော့ ဒီဟာကို လေ့ကျင့်ပါမယ်။ လေ့ကျင့်ပြီးတော့ နောက်ဆုံးဘာတွေ တွေ့ရှိရလဲ ဆိုတာ ကျွန်မတို့ ကြည့်ပါမယ်။ ကြည့်ပြီးရင် ရွေးကောက်ပွဲအတွက် နောက်ဆုံး စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပါမယ်။ ဒါကတော့ ရွေးကောက်ပွဲ ကော်မရှင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ညှိပြီးတော့ ထုတ်ပြန် မှာပါ။ ဒီလိုလုပ်တဲ့နေရာမှာ နေရာတိုင်းနေရာတိုင်းမှာ တစ်ပြေးညီလုပ်မှာ မဟုတ်ပါဘူး။ Stay at Home မြို့နယ်တွေ၊ ကိုဗစ်ရောဂါ ပြန့်ပွားမှုများတဲ့ မြို့နယ်တွေမှာ အထူးအစီအစဉ်ကို ကျွန်မတို့လုပ်ပါမယ်။ ကိုဗစ်ရောဂါ မရှိ သလောက် မြို့နယ်တွေမှာတော့ ပုံမှန်အတိုင်းပဲ လုပ်သွားပါမယ်။ သို့သော် လည်း Mask တပ်ဖို့၊ လက်ဆေးဖို့တွေကို ကျွန်မတို့ စီစဉ်ပါမယ်။ Stay at Home မြို့နယ်တွေ၊ ကိုဗစ်ရောဂါပြန့်ပွားမှုများတဲ့ မြို့နယ်တွေမှာဆိုရင် Mask တွေအပြင် Faceshield ကို အပေါ်က နောက်တစ်ထပ်လုပ်ဖို့ စသဖြင့် ပိုပြီးတော့ သေချာတဲ့ အစီအစဉ်တွေကို သတ်မှတ်ပြီးတော့ အကောင်အထည်ဖော်မှာပါ။ ဒါကြောင့် ပြည်သူ၊ ပြည်သားတွေအနေနဲ့ အထွေထွေရွေးကောက်ပွဲမှာလည်း တက်တက်ကြွ ကြွနဲ့ ပါဝင်ပြီးတော့ မဲပေးကြပါ။ ကိုဗစ်ရောဂါကို ကာကွယ်တဲ့ နေရာမှာလည်း တက်တက်ကြွကြွနဲ့ အားလုံးပါဝင်ပြီးတော့ ဆောင်ရွက်ပေး ကြပါလို့ ကျွန်မ မေတ္တာရပ်ခံလိုပါတယ်။
အားလုံး ကျန်းမာချမ်းသာအောင် နေနိုင်ပါစေ။ ကျေးဇူးတင်ပါတယ်။