
နေပြည်တော် နိုဝင်ဘာ ၁၇
Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဆက်အောင်၊ ဦးကျော်မျိုး၊ ဗဟိုကော်မတီအတွင်းရေးမှူးများဖြစ်ကြသော ဦးဇော် သန်းသင်းနှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အထွေထွေရွေးကောက်ပွဲအပြီး လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ခြင်း များရှိခဲ့ရာ နိုဝင်ဘာလကုန် ရက်သတ္တပတ်ကာလ၌ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုမရှိစေရန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးအစီအမံများ ကြိုတင် ဆောင်ရွက်ထားရှိရေး၊ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်လျက်ရှိသော လူနာများထဲမှ ဆေးရုံဆင်းခွင့်ပြုနိုင်သည့် လူနာများအား ဆောလျင်စွာ ဆေးရုံဆင်းခွင့် ပေးနိုင်ရေး၊ အအေးပိုင်းဒေသများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်သွားရေး၊ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသည့် ပြည်သူများအနေဖြင့် မိမိအစီအစဉ်ဖြင့် ဆေးကုသမှုပြုခဲ့ပြီး အခြေအနေဆိုးရွားမှသာ ဆေးရုံသို့ လာရောက် ပြသမှုကြောင့် ဆေးရုံသို့ ရောက်ရှိချိန်တွင် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဆေးရုံသို့ လာရောက်ပြသရန် ကြောက်ရွံ့မှုမရှိစေရေး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ် - ၁၉ ရောဂါကုသရေးအတွက် ပြည့်စုံစွာပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စိုးရိမ်ရ သည့် လူနာများဖြစ်ပါက မိသားစု/ဆွေမျိုးများထဲမှ လူနာစောင့်တစ်ဦး လိုက်ပါ စောင့်ရှောက်နိုင်ရန် ခွင့်ပြုပေးရေး၊ နိုင်ငံတော်မှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ နေမှုအပေါ် မလိုလားသူများက ဦးဆောင်ပြီး လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိရာ အဆိုပါအဖွဲ့မှ ဦးဆောင်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားရန်နှင့် လိုက်ပါဝန်းရံသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် လိုအပ်သော ပညာပေးဟောပြောမှုများ
ဆောင်ရွက်သွားရေး၊ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင်နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေးအစီ အစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့်ပြသနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A) အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော တိုင်းဒေသကြီး / ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရေး၊ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် မူတည်၍ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး / ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့်နှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်း ခြင်းများ တစ်လလျှင် လေးကြိမ် လူဦးရေ ၃၀ ထက်မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ချက်ချင်းပြန်လည်ရပ်ဆိုင်းရန် စီစဉ်ဆောင်ရွက်ထားရှိရေး၊ ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်နှင့် ဒီဇင်ဘာ ၃၁ ရက် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်နေ့များ၌ Church ကျောင်း များတွင် ဝတ်ပြုဆုတောင်းခြင်းအား လူ ၅၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်ရေး၊ ခရစ္စမတ်ပွဲတော်ကာလတွင် လူအများ စုဝေး၍ နေအိမ်များသို့ သီချင်းများ လိုက်လံသီဆို ဆုတောင်းခြင်းများကို ခွင့်မပြုဘဲ Church ကျောင်းများ၌ ဝတ်ပြု ဆုတောင်းသီဆိုခြင်းများကိုသာ ခွင့်ပြုရန်အတွက် လိုအပ်သော ကျန်းမာရေးစံသတ်မှတ်ချက်အား ညှိနှိုင်းရေးဆွဲရေး၊ ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်အကြိုကာလအတွင်း ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် ဖျော်ဖြေရေးကဏ္ဍအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများနှင့် အငြိမ့်ဖျော်ဖြေပွဲများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်နှင့် အခြားရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားရေး၊ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များ အား ကိုဗစ် - ၁၉ ဖြစ်ပွားမှုအပေါ် မူတည်၍ ဖြေလျှော့ပေးနိုင်ရေး၊ ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲ ခွင့်ပြုနိုင်ရေး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ခရီးသွားရန်အကြောင်းကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွားလာစေရေးနှင့် ပိုးမရှိကြောင်း ထောက်ခံ ချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကွာရန်တင်း ဝင်ရောက်ခြင်းတို့ကို မပြုစေတော့ဘဲ သွားလာခွင့်ပြုရေးတို့နှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လိုအပ်သည့် ဆုံးဖြတ်လမ်းညွှန်ချက်ပေးခြင်းများ ဆောင်ရွက်ပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးအစီအစဉ်များ အပါအဝင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် ရေတို၊ ရေရှည်အစီအမံများနှင့် စပ်လျဉ်း၍ ယခုသီတင်းပတ်အတွင်း သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ သတင်းစဉ်