Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

===================================================================================================================================================================

 

အခုကိုဗစ်-၁၉ ရဲ့ နောက်ဆုံးအခြေအနေ ပြောရမယ်ဆိုရင် ရန်ကုန်တိုင်းကတော့ အထူးသတိထားရမယ်ဆိုတာ ကျွန်မ အရင်လည်း ပြောပြီးပါပြီ။ ထပ်လောင်းပြီး တော့လည်း ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ရန်ကုန်တိုင်းမှာဆိုရင် အတည်ပြုလူနာအားလုံးပေါ့၊ ဒီရောဂါစပြီး ဖြစ်ကတည်းက အတည်ပြုလူနာအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းကဖြစ်တာ ပါ။ နောက်ပြီးတော့ သေဆုံးသူအားလုံးရဲ့ ၉၂ ဒသမ ၇ ရာခိုင်နှုန်းဟာလည်း ရန်ကုန် တိုင်းကပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန် တိုင်းက အထူးသတိထားဖို့လိုတယ်လို့ ကျွန်မတို့ ထပ်တလဲလဲပြောတာပါ။

 

ရန်ကုန်တိုင်းက လူဦးရေ ထူထပ်မှု ကြောင့်ရော၊ အသွားအလာများတာကြောင့် ရော ရောဂါပြန့်ပွားတာတွေလည်း များတယ်ဆိုတာ ကျွန်မတို့လက်ခံပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုရဲ့ စည်းကမ်း လိုက်နာမှုဟာလည်း အရေးပါပါတယ်။ ပြည်သူလူထုက စည်းကမ်းလိုက်နာမှု များလေလေ၊ ကောင်းလေလေ၊ အခြေအနေ က ကောင်းမှာပါ။ ဥပမာဆိုရင် မန္တလေးတိုင်း မှာဆိုရင်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုဟာ အရင်တစ်လလောက်က နည်းနည်းတက် လာတဲ့ အခြေအနေရှိပါတယ်။ သို့သော် ငြားလည်း ပြည်သူလူထုရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် အရင် ၁၄ ရက် လောက်အတွင်းမှာဆိုရင် အခြေအနေက ပိုကောင်းလာပါတယ်။ ထိန်းထားနိုင်တဲ့ အဆင့်ကို ရောက်ပြီလို့ ပြောလို့ရပါတယ်။ အဲဒီတော့ တိုင်းတိုင်း၊ ပြည်နယ်တိုင်းမှာ လည်း ဒီလိုပဲ သက်ဆိုင်ရာအစိုးရများက ဦးဆောင်ပြီး ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရောဂါကိုထိန်းထားဖို့ ကျွန်မတို့အားလုံးကြိုးစားရမှာပါ။ ဒီသတင်းတွေကို လိုက်ပြီးတော့ စုံစမ်း လေ့လာနားထောင်နေတဲ့ ပြည်သူတွေက သိပြီးသားဖြစ်မှာပါ။

 

အခုဆိုရင် ကာကွယ်ထိုးဆေးကို တချို့နိုင်ငံတွေမှာ စပြီးတော့ သုံးနေပါပြီ။ သုံးနေတယ်ဆိုတာ တချို့နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဒီအပတ်စပြီးတော့ သုံးတော့မယ်ဆိုပြီးတော့ ကြေညာထားတာရှိတယ်။ တချို့တွေက စပြီးတော့တောင်မှ စမ်းပြီးတော့သုံးနေပါပြီ။ ဒီတော့ ကျွန်မတို့နိုင်ငံဟာလည်း ကာကွယ်ဆေးရတဲ့အခါမှာ ကာကွယ်ဆေးသုံးလို့ အဆင်ပြေမယ့်အချိန်မှာဆိုရင် အမြန်ဆုံးစပြီးသုံးဖို့ ကျွန်မတို့ စီစဉ်နေပါပြီ။ သို့သော်ငြားလည်း ပြည်သူလူထုအနေနဲ့ ဒီလိုကာကွယ်ဆေးရဲ့ အကျိုး သက်ရောက်မှုကို အပြည့်အဝခံစားဖို့ဆိုရင် အခုအချိန်မှာ သိပ်ပြီးတော့ သတိထားဖို့လိုတယ်။ ကျွန်မတို့ ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုရင် တချို့ကနေပြီးတော့ ကာကွယ်ဆေးရတော့မှာပဲဆိုပြီးတော့ ပေါ့သွားမှာကို ကျွန်မ စိုးရိမ်ပါတယ်။ ဒီလိုပေါ့သွားလို့မဖြစ်ပါဘူး။

 

ပထမဦးဆုံးအားဖြင့်ဆိုရင် ကျန်းမာရေးပညာရှင်တွေကလည်း အခု ထပ်တလဲလဲတော့ သတိပေးနေပါတယ်။ ကိုဗစ်ရောဂါဟာ ဘယ်လို နောင်အတွက် အကျိုးဆက်တွေ ဘယ်လိုရှိလဲဆိုတာ ပြောလို့မရဘူးဆိုပြီး တော့ သူတို့ပြောပါတယ်။ ပြောချင်တာက ကိုဗစ်ရောဂါတစ်ခါဖြစ်ပြီးတာနဲ့ နောက်တစ်ခါ မဖြစ်တော့ဘူးလား၊ နောက်ထပ်ဖြစ်နိုင်တဲ့ အလားအလာ ရှိလား၊ ဖြစ်နိုင်တဲ့အလားအလာ နောက်ထပ်ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ ကိုဗစ်ရောဂါ တစ်ခါဖြစ်သွားပြီဆိုရင် နောင် ကိုယ့်ရဲ့ကျန်းမာရေး အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတာ သေသေချာချာ

ပြောလို့ မရသေးပါဘူး။ ဒါဆရာဝန်အများစုကလည်း သိပြီးသားပါ။ တချို့ ကျွန်မတို့ပြည်သူတွေလည်း သိပြီးသားဖြစ်ပါလိမ့်မယ်။ ငယ်ငယ်တုန်းက ဒဏ်တွေဟာ တစ်ခါတလေ အသက်ကြီးမှ ပေါ်လာတာရှိပါတယ်။ ဥပမာဆို ငယ်ငယ်တုန်းက ထိခိုက်တဲ့ဟာလေး၊ ဘာမှမဟုတ်ဘူးလို့ ထင်တဲ့ဟာက အသက်ကြီးမှ အင်မတန်နာကျင်လာပြီးတော့ အသွားအလာမှာ ဒုက္ခ ဖြစ်စေတဲ့အထိ ဖြစ်တာတွေလည်း ဖြစ်နိုင်ပါတယ်။

 

ဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်လို့၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုနဲ့ ပတ်သက်လို့ ထိခိုက်တာလေးရှိသွားလို့၊ လွဲမှားသွားတာလေးရှိသွားလို့

ဆိုရင် ဘယ်အချိန် ဘယ်အခါမှာ ဒီဟာက အကျိုးသက်ရောက်မှုရှိမယ် ဆိုတာ ပြောလို့မရပါဘူး။ အဲဒါကတော့ ပထမဦးဆုံးအချက်ပေါ့။ ဒီအချိန်မှာ ပေါ့ပေါ့နဲ့နေပြီးတော့ ကာကွယ်ဆေးက မကြာခင်ရတော့မှာပဲ၊ ဒီအချိန် ရောဂါဖြစ်လို့လဲ အရေးမကြီးပါဘူးလို့ မထင်ပါနဲ့။ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ နောင်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင် အတွက် အရေးကြီးပါတယ်။

 

နောက်တစ်ခုကတော့ အရင်အပတ်က ကျွန်မပြောထားတဲ့အတိုင်း ပေါ့။ ကျွန်မတို့နိုင်ငံ ပြန်ပြီးတော့ စီးပွားရေးနာလန်ထောင်ဖို့အတွက်ကို အင်မတန်မှအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က တခြား နိုင်ငံတွေနဲ့ပြိုင်ပြီးတော့ စီးပွားရေးနာလန်ထူနိုင်အောင်လို့ အားလုံး လုပ်ရမှာပါ။ မလုပ်လို့လည်း မဖြစ်ပါဘူး။ တစ်ကမ္ဘာလုံးကလည်း လုပ်နေတာပါ။ အဲဒီတော့ ကျွန်မတို့က အားလုံးနဲ့ပြိုင်နိုင်ဖို့ဆိုရင် ကျွန်မ တို့ရဲ့ အလုပ်စွမ်းအားတွေဟာ အပြည့်အဝရှိဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ အပြည့်အဝ ဒီပြိုင်ပွဲထဲမှာဝင်ပြီးတော့ ပါဝင်နိုင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကျန်းကျန်းမာမာနေကြပါ၊ သည်းညည်းခံပါ၊ စည်းကမ်းထိန်းသိမ်းပါ၊ ရောဂါမဖြစ်အောင်နေပါ၊ ရောဂါမပွား အောင်နေပါ။ ရောဂါပွားလေလေ ကျွန်မအရင်အပတ်က ပြောခဲ့သလိုပေါ့။ ကျွန်မတို့ဟာ ဒီရောဂါအတွက်ကို ကျွန်မတို့ဘဏ္ဍာတော်၊ နိုင်ငံရဲ့ ဘဏ္ဍာတော် ငွေတွေကို သုံးလာနေတယ်။ အဲဒီတော့ စီးပွားရေး ပြန်လည်ထူထောင်ဖို့ အတွက် နည်းသွားတာပေါ့။ တစ်ဖက်မှာပိုသုံးရင် တစ်ဖက်မှာ နည်းသွားမယ် ဆိုတာ ဒါကတော့ အားလုံးလွယ်လွယ်ကူကူနဲ့ နားလည်နိုင်တဲ့ကိစ္စပါ။ ဒါကြောင့် ကျွန်မတို့ပြောရမယ်ဆိုရင် ကိုဗစ်ပွဲကြီး အဆုံးသတ်တဲ့အချိန်မှာ အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်စေချင်ပါတယ်။ ပွဲသိမ်းတဲ့အခါကျမှ ကမောက်ကမဖြစ်တာမျိုးကို ကျွန်မတို့ မဖြစ်စေချင်ပါဘူး။

 

ဒါကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုပါ။ ဒီအချိန်မှာ ကျန်းမာ အောင်နေပါ။ ကိုယ့်စိတ်ကို ထိန်းရမှာပေါ့။ နောက်ဆုံးတော့ ဒါပါပဲ။

ကိုဗစ်ရောဂါ ထိန်းချုပ်တယ်ဆိုတာ ပြည်သူတွေ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်တာပါပဲ။ ရောဂါ မဖြစ်အောင်နေပါ။ ကျွန်မတို့အစိုးရအနေနဲ့၊ နိုင်ငံတော်အနေနဲ့ကတော့ ကာကွယ်ဆေးကို အမြန်ဆုံးပြည်သူတွေဆီကို ရောက်အောင်လို့၊ ပြည်သူတွေ ကို ထိုးပေးနိုင်အောင်လို့ ကျွန်မတို့စီစဉ်ပါ့မယ်။ နောက်ပြီးတော့လည်း ကျွန်မတို့ ကနေပြီး ပြန်လည်ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်နိုင်အောင်လို့၊ ကျွန်မတို့ရဲ့စီးပွားရေး ပြန်ပြီးတိုးတက်လာနိုင်အောင်လို့၊ အရင်တုန်းကထက် တောင်မှ ပိုပြီးကောင်းသွားနိုင်အောင်လို့ဆိုပြီး ကျွန်မတို့ ကြိုးစားပါမယ်။ အခုအချိန်မှာဆိုရင် ကိုဗစ်ရောဂါ နောက်ပိုင်းအချိန်မှာ အရင်တုန်းက ရောဂါမဖြစ် ခင်တုန်းက အချိန်နဲ့စာလို့ရှိရင် မရှိခဲ့တဲ့အခွင့်အရေးတွေ ကျွန်မတို့ ရဖို့ဖြစ်ပါ တယ်။ ဒါပေမယ့် အခွင့်အရေးဆိုတာ၊ အခွင့်အရေးရလာပေမယ့် ဒီအခွင့်အရေးကို ကျွန်မတို့ကနေပြီး မိမိရရကိုင်ဆုပ်ပြီးတော့သုံးနိုင်မှ အကျိုးရှိမှာပါ။

 

ဒါကြောင့် အားလုံးကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ပါစေချင်ပါတယ်။ ဝိုင်းဝန်းပြီးပါရင် ဖြစ်နိုင်တယ်ဆိုတာလည်း ကျွန်မတို့ပြောသလိုပေါ့။ မန္တလေးတိုင်းကို ကြည့်လိုက်လို့ရှိရင် သိနိုင်ပါတယ်။ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ အဲဒါကြောင့် ကြိုးစားစေချင်ပါတယ်။ ကျန်းမာရေးပညာပေးနဲ့ပတ်သက်လို့တော့ ကျွန်မတို့ ထပ်တလဲလဲပြောနေတယ်ဆိုတာ ပြည်သူတွေလည်း သိပြီးသားတော့ ဖြစ်ပါလိမ့်မယ်။ Mask ကတော့ အမြဲတပ်ပါ၊ လက်ဆေးတာကိုတော့ သေသေချာချာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ကိုက်ညီအောင်လို့ သေသေချာချာဆေးကြပါ၊ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ၆ ပေ အနည်းဆုံး ကွာအောင်နေကြပါ၊ မလိုအပ်ဘဲနဲ့ အပြင်ကိုမထွက်ပါနဲ့၊ အထူး သဖြင့် အခုအချိန်မှာ အပြင်ကိုမထွက်ပါနဲ့။ နှစ်သစ်ကူးလာတော့မယ့်အချိန်၊ ခရစ္စမတ်ကာလ လာတော့မယ့်အချိန် အဲဒီအချိန်မှာ အပြင်မှာထွက်ပြီးတော့ ဒီတစ်ခါလေးတော့ တစ်ပွဲနွှဲလိုက်ပါဦးမယ်ဆိုတဲ့စိတ်နဲ့ မနွှဲပါနဲ့။ ဒီတစ်ပွဲလေး နွှဲလိုက်ချင်တာနဲ့ပဲ နောင်အနာဂတ်အတွက် ကိုယ့်အကျိုးဆုတ်ယုတ်နိုင်တဲ့ ကိစ္စတွေကို မဖြစ်စေချင်ပါဘူး။ ပြည်သူတွေအကျိုး ဆုတ်ယုတ်တယ်ဆိုရင် နိုင်ငံအကျိုး ဆုတ်ယုတ်တာပါပဲ။ ဒါကြောင့် ဒီအချိန်မှာတော့ အထူးသတိထား စေချင်ပါတယ်။ ထိန်းသိမ်းစေချင်ပါတယ်။

 

ကျွန်မတို့ အလုပ်အကိုင်ဖန်တီးရေးတွေအတွက်လည်း အလေးထား ပြီးတော့ လုပ်နေပါတယ်။ အခုစီစဉ်နေပါတယ်။ သို့သော်ငြားလည်း အလုပ်လုပ်နိုင်ဖို့အတွက် ကျန်းမာဖို့ကလိုတယ်ဆိုတာလည်း ကျွန်မတို့ ပြည်သူတွေသိမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်တွေဖန်တီးတဲ့အချိန်မှာ အလုပ်တွေရနိုင်တဲ့အချိန်ကျမှ ကိုယ့်ရဲ့ကျန်းမာရေးမကောင်းလို့ ကိုယ်ကနေပြီးတော့ နောက်ကိုရောက်သွားမယ်ဆိုလို့ရှိရင် ကိုယ်လည်း နစ်နာတယ်၊ ကိုယ့်ရဲ့မိသားစုလည်း နစ်နာတယ်၊ ကိုယ့်နိုင်ငံလည်း နစ်နာပါတယ်။ ကျွန်မတို့ အခု ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ဆိုရင် ကျန်းမာရေးအစီအစဉ်တွေသာ မဟုတ်ဘူး။ စီးပွားရေးနဲ့ပတ်သက်လို့ ပညာရေးအစီအစဉ်တွေလည်း လုပ်နေတယ်ဆိုတာ အများသိပြီးသားပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီအစီအစဉ်တွေကို အာရုံစိုက်ပြီးတော့ လိုက်နာစေချင်ပါတယ်။ နားထောင်စေချင်ပါတယ်။ ပြင်ဆင်ထားဖို့ပေါ့။ ဘာလုပ်လို့ရမလဲ။ ဘယ်လိုအခွင့်အရေးတွေရှိမလဲ။ ကိုဗစ်နောက်ပိုင်း ကမ္ဘာကြီးမှာ ဘယ်လိုအသစ်အဆန်းတီထွင်မှုတွေနဲ့ ကျွန်မတို့ တိုးတက် နိုင်မလဲဆိုတာကို စဉ်းစားဖို့၊ ဆင်ခြင်ဖို့ အဲဒါအတွက်ကို ကျွန်မတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အစီအစဉ်တွေရော၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အစီအစဉ်တွေရော ဂရုစိုက်ပြီးတော့ နားထောင်စေချင်ပါတယ်။ နောက်ပြီး တော့ ကိုယ့်ဟာကိုယ်လည်း လေ့လာစေချင်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုလည်း ကြည့်ပြီးတော့ လေ့လာစေချင်ပါတယ်။

 

အရေးအကြီးဆုံးကိစ္စကတော့ ကျန်းမာအောင်နေဖို့ပါပဲ။ ဒါကြောင့် ဒီအချိန်မှာတော့ နည်းနည်းပါးပါး၊ နည်းနည်းပါးပါးမဟုတ် အများကြီးပေါ့။ စည်းကမ်းလိုက်နာဖို့ကို ရှေ့တန်းတင်ပြီးတော့ လုပ်စေချင်ပါတယ်။ အောင်မြင်ခြင်းတရားလေးပါးက ဆန္ဒနဲ့ စတယ်ဆိုပေမယ့် ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာ ကျွန်မ အကြိမ်ကြိမ်အခါခါ ပြောပါတယ်။ ဆန္ဒနဲ့မပြီးဘူး။ ဝီရိယ၊ ဝီရိယဆိုတာ အင်အားစိုက်ထုတ်မှု၊ အင်အားစိုက်ထုတ်ရင်းနဲ့ ပင်ပန်းလာတဲ့အခါကျရင် စိတ်ဓာတ်၊ ကိုယ့်စိတ်ကနေပြီးတော့၊ ကိုယ့်စိတ် ပိုင်းဆိုင်ရာကနေပြီးတော့ ဆက်ပြီးတော့လုပ်နိုင်အောင်လို့ စွမ်းဆောင်ပေး ရတာဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုကိုယ့်ရဲ့အင်အားတွေ၊ ကိုယ့်ရဲ့စိတ်ပိုင်း အင်အားတွေ၊ ကိုယ့်ရဲ့ရုပ်ပိုင်းအင်အားတွေကို ဘယ်လိုအကောင်းဆုံး သုံးရမလဲဆိုတာတော့ ပညာက ဒီဟာကို လမ်းပြတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူလူထုအားလုံး အောင်မြင်ခြင်းတရား လေးပါးနဲ့ ပြည့်စုံစွာနဲ့ ကိုဗစ် -၁၉ ကို မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။