
သစ်တောမောင်
သစ်တောကြိုးဝိုင်းနှင့်
ကြိုးပြင်ကာကွယ်တောများ
၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေအရ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) အရ သစ်တော ကြိုးဝိုင်းဖွဲ့စည်းခြင်းနှင့် ကြိုးပြင် ကာကွယ်တော သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ရပါသည်။ သစ်တောကြိုးဝိုင်း နှင့် ကြိုးပြင်ကာကွယ်တောများကို သစ်တောနယ်မြေဟုလည်း ခေါ်ဆို ပါသည်။
သစ်တောစီမံအုပ်ချုပ်မှု လုပ်ငန်း များ ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန်အတွက် ၁၈၇၀ ပြည့်နှစ်တွင် သစ်တောကြိုးဝိုင်းများကို စတင်ဖွဲ့စည်းခဲ့သည်။ သစ်တောကြိုးဝိုင်း များ ဖွဲ့စည်းတည်ထောင်ခြင်း၊ ကြိုးပြင် ကာကွယ်တောများ သတ်မှတ်ကြေညာ ခြင်းသည် သစ်တောများ ထာဝစဉ် တည်တံ့စေရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်နိုင်ရန်နှင့် ထိန်းသိမ်း ကာကွယ်နိုင်ရန် အခြေခံအကျဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများကို ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရန်၊ ဂေဟစနစ် တည်ငြိမ်စေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာစေရန်၊ ဒီရေတောများ၊ အပူပိုင်းဒေသသစ်တောများ အပါအဝင် သဘာဝသစ်တောများ စနစ်တကျ စီမံ အုပ်ချုပ် ထိန်းသိမ်းဆောင်ရွက်ရန်၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ထုတ်ယူရရှိရန်၊ ဒေသခံ ပြည်သူများအတွက် သစ်၊ ထင်း၊ ဝါးနှင့် သစ်တောထွက်ပစ္စည်း လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် သစ်တော၊ ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းနိုင်ရေး စသည့်ရည်ရွယ်ချက် များဖြင့် ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်သည်။
ဖွဲ့စည်းပြီး သစ်တောကြိုးဝိုင်းများ တွင် သစ်တောအုပ်ချုပ်လုပ်ကိုင်မှု ကွက်စိပ်စီမံကိန်းများ ရေးဆွဲ၍ ကျွန်းသင်းသတ်ခြင်း၊ ကျွန်းနှင့် သစ်မာ ခုတ်လှဲထုတ်လုပ်ခြင်း၊ စိုက်ခင်းများ တည်ထောင်ခြင်း၊ အုပ်မိုးကာဆိုင်း ခုတ်လှဲခြင်း၊ ပင်ကျပ်နုတ်ခြင်း၊ လမ်းဖောက်ခြင်း စသောသစ်တောစီမံ အုပ်ချုပ်မှုလုပ်ငန်းများ၊ သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရသည်။
ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော များ၏ နယ်နိမိတ်များသည် သစ်တော များ ထိန်းသိမ်းကာကွယ်ရေးအတွက် ပင်မသွေးကြောများဖြစ်ပြီး မြေပြင်၌ ထင်ရှားစွာ သတ်မှတ်ထားရသည်။ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို သဘာဝအတိုင်း တည်ရှိနေသော သို့မဟုတ် သဘာဝနယ်နိမိတ်များ ဖြစ်သည့် ချောင်းမြောင်းများ၊ တောင် ကြောများကို အဓိကထား သတ်မှတ် လေ့ရှိသည်။ သစ်တောလုပ်ငန်းများကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ တွင် အကောင်အထည်ဖော် ဆောင်ရွက် ကြရသည်။ ကြိုးဝိုင်းနယ်နိမိတ် ဘုတ်တိုင်များ၊ မှန်ထစ်များကို ထင်ရှားစွာ မှတ်သားစိုက်ထူကြရသည်။
သဘာဝထိန်းသိမ်းရေးနယ်မြေများ
၂၀၁၈ ခုနှစ်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉(က) အရ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းခြင်းကို ဆောင်ရွက်ပါသည်။ ရေ၊ မြေ၊ ဂေဟစနစ်၊ ဘူမိသွင်ပြင်၊ သဘာဝသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲ များအပေါ် အခြေခံပြီး သိပ္ပံကြိုးဝိုင်း၊ အမျိုးသားဥယျာဉ်၊ အဏ္ဏဝါအမျိုးသား ဥယျာဉ်၊ သဘာဝကြိုးဝိုင်း၊ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေ၊ ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ ဟူ၍ သဘာဝထိန်းသိမ်းရေးနယ်မြေ (၇) မျိုး ခွဲခြားသတ်မှတ်ထားသည်။
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်၊ မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ် ရှိသော သဘာဝအပင်များနှင့် တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရန်၊ ဘူမိရုပ်သွင် ထူးခြားထင်ရှားသည့် တောတောင်ရေမြေ၊ ဂေဟစနစ်နှင့် ကမ်းရိုးတန်း သယံဇာတများကို ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရန်၊ ဂေဟစနစ် တည်ငြိမ်စေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားလာစေရန်နှင့် သစ်တော၊ ရာသီ ဥတု၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကတိ ကဝတ်များ ဖြည့်ဆည်းနိုင်ရန် ရည်ရွယ် ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ ကို ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သဘာဝ ထိန်းသိမ်းရေးနယ်မြေအဖြစ် ၁၉၂၀ ပြည့်နှစ်တွင် “တောင်ကြီးငှက်ဘေးမဲ့ တော”ကို စတင်တည်ထောင်ခဲ့သည်။
မြန်မာ့သစ်တောမူဝါဒ ရည်မှန်းချက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနသည် မြန်မာ့သစ်တောမူဝါဒ (၁၉၉၅) နှင့် အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ အထိ) ရည်မှန်းချက်များအရ ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တော များကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း (ဧက ၅၀,၁၅၅,၉၀၀)အထိ ဖွဲ့စည်းသွား ရန် လျာထားဆောင်ရွက်လျက်ရှိသည်။ သဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်း (၁၆,၇၁၈,၆၃၃ ဧက) အထိ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။
ယနေ့အထိ သစ်တောကြိုးဝိုင်း ၈၂၆ ခု (၂၉,၆၉၃,၁၇၄ ဧက)၊ ကြိုးပြင် ကာကွယ်တော ၄၅၄ ခု (၁၃,၄၄၆,၀၅၈ ဧက) စုစုပေါင်း ၄၃,၁၃၉,၂၃၂ ဧက တည်ထောင်နိုင်ခဲ့ပြီး နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။ ရည်မှန်း ချက် ပြည့်မီစေရေးအတွက် နှစ်စဉ်ပျမ်းမျှ ဧရိယာ ၈၀၁,၉၀၀ ဧကကို ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိသည်။
သဘာဝထိန်းသိမ်းရေးနယ်မြေများ ကို စဉ်ဆက်မပြတ် တည်ထောင်လျက် ရှိရာ ယနေ့အထိ သဘာဝထိန်းသိမ်းရေး နယ်မြေ ၅၇ ခု (၁၀,၇၅၀,၆၂၄ ဒသမ ၆၇ ဧက)၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။ ရည်မှန်းချက် ပြည့်မီစေရေးအတွက် နှစ်စဉ် ဧရိယာ ၆၈၀,၈၃၂ ဧကကို သဘာဝနယ်မြေများအဖြစ် ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
တစ်နှစ်ကျော်ကာလအတွင်း ဖွဲ့စည်း တည်ထောင်နိုင်ခဲ့မှုများ
သစ်တောကြိုးဝိုင်းများ ဖွဲ့စည်း တည်ထောင်ခြင်း၊ ကြိုးပြင်ကာကွယ် တောများ သတ်မှတ်ကြေညာခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တည်ထောင်ခြင်းသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည်။ သစ်တောကြေးတိုင် ပုံစံ (၁)မှ (၅) အထိ အဆင့်အလိုက် လုပ်ငန်းများကို အချိန်ကာလသတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ကြရသည်။
အထူးသဖြင့် ဒေသခံပြည်သူများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျိုး ဆက်စပ်ပတ်သက်သူများ၏ မြေယာ ဆိုင်ရာ ရပိုင်ခွင့်၊ ဆိုင်ရာ ဆိုင်ခွင့်များ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် အထူး အလေးထား ဆောင်ရွက်ရသည်။ မြေယာ နှင့် ဆက်စပ်နေသော ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ သဘောတူညီချက် များ ရယူသတ်မှတ်၊ ဖွဲ့စည်းတည်ထောင် ရသော လုပ်ငန်းစဉ်ဖြစ်သဖြင့် အချိန်ယူ ဆောင်ရွက်ရသော လုပ်ငန်းလည်း ဖြစ်သည်။ ညှိနှိုင်းပေါင်းစပ်နိုင်မှု၊ ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းပါမှ ခရီးတွင်နိုင်သော လုပ်ငန်းများဖြစ်သည်။
ဒေသခံပြည်သူများ နားလည် သဘောပေါက်စေရန် တိုးချဲ့ပညာပေး ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခြင်း၊ ဆက်စပ်ဌာန အချင်းချင်းအကြား ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းခြင်း၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရများ၏ ကူညီပံ့ပိုးမှုများ ရရှိခြင်းတို့ကြောင့် လွန်ခဲ့သည့် တစ်နှစ် ကျော်ကာလ (၁-၂-၂၀၂၁ မှ ၁-၄-၂၀၂၂ အထိ) ကြိုးဝိုင်း/ကြိုးပြင် သတ်မှတ်ခြင်း နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တည်ထောင်ခြင်းလုပ်ငန်းများ သိသာ ထင်ရှားစွာ တိုးတက်ခဲ့သည်။ ကြိုးပြင် ကာကွယ်တော ၁၆ ခု၊ ( ၄၃၁,၅၄၀ ဒသမ ၃၈ ဧက) သတ်မှတ်ဖွဲ့စည်းနိုင်ခဲ့ပြီး သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၁၁ ခု၊ (၅၈၁,၈၀၄ ဒသမ ၆၃ ဧက) ကို တည်ထောင်နိုင်ခဲ့သည်။
သတ်မှတ်ကြေညာခဲ့သည့် ကြိုးပြင် ကာကွယ်တောများအနက် ရန်ကုန်တိုင်း ဒေသကြီးတွင် အစိမ်းရောင်တံတိုင်း ဒီရေတော ကြိုးပြင်ကာကွယ်တောနှင့် ဘိတ်သိတ် - မဟာ - သာသာ ဒီရေတော ကြိုးပြင်ကာကွယ်တောများပါဝင်သည်။ အဆိုပါ ဒီရေတောကြိုးပြင်ကာကွယ် တောများ သတ်မှတ်ကြေညာနိုင်ခဲ့သဖြင့် ဒီရေတောများကို ထိန်းသိမ်းနိုင်ခြင်း၊ စနစ်တကျ စီမံအုပ်ချုပ်နိုင်ခြင်း၊ ဒေသခံပြည်သူများအတွက် လေမုန် တိုင်း ကျရောက်ခြင်းအပါအဝင် သဘာဝ ဘေးအန္တရာယ်များကို ဒီရေတောများက အစိမ်းရောင် သဘာဝတံတိုင်းကြီးများ အဖြစ် တားဆီးကာကွယ်ပေးနိုင်ခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းများ ပေါများလာ၍ ဒေသခံများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ဒေသတွင်း ရာသီဥတုမျှတ ကောင်းမွန်လာခြင်းနှင့် ဆားငန်ရေ ဝင်ရောက်မှုကို ဒီရေတောများက
ကာကွယ်ပေးခြင်းဖြင့် ဆန်စပါး အပါ အဝင် စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။
မကြာမီက ဖွဲ့စည်းတည်ထောင် နိုင်ခဲ့သော သဘာဝထိန်းသိမ်းရေး နယ်မြေများဖြစ်သည့် ကယားပြည် နယ်၏ ပန်းသီတောင် သဘာဝကြိုးဝိုင်း အပိုင်း(၁)၊ ချင်းပြည်နယ်၏ စာမွှန်း တောင် အမျိုးသားဥယျာဉ်၊ ကနေဒီ (ခ) လေသာတောင် အမျိုးသားဥယျာဉ်၊ မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်းအမျိုးသား ဥယျာဉ်နှင့် ဇိန်မှုတောင်အမျိုးသား ဥယျာဉ် စသည့်သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ စစ်ကိုင်းတိုင်းဒေသကြီး၏ မဟာမြိုင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော၊ လင်းနို့ဂူတောင် ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေ၊ ဇလုံတောင် အမျိုးသားဥယျာဉ် စသည့်သဘာဝ ထိန်းသိမ်းရေးနယ်မြေများ၊ မကွေးတိုင်း ဒေသကြီး၏ မန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ရခိုင်ပြည်နယ်၏ နံ့သာ ကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေ၊ ရှမ်း ပြည်နယ်၏ လွိုင်ဆမ်ဆစ်တောင် သဘာဝကြိုးဝိုင်းနှင့် ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော တိုးချဲ့သဘာဝထိန်းသိမ်းရေး နယ်မြေများသည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ရေးရာ အတွက်သာမက လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေး စသည့်လုပ်ငန်းကဏ္ဍ အသီးသီးအတွက်ပါ အကျိုးကျေးဇူး များစွာ ရရှိနိုင်မည်ဖြစ်သည်။ သဘာဝ သယံဇာတအမွေအနှစ်များ၊ အဆိုပါ အမွေအနှစ်များနှင့် ဆက်စပ်နေသော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု များ၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ အသက်မွေးမှုဆိုင်ရာ မိရိုးဖလာ ကျွမ်းကျင်မှုများ၊ ဗဟုသုတများကိုပါ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော များကို အရှိန်အဟုန်ဖြင့် ဖွဲ့စည်းနေ သကဲ့သို့ တစ်ဖက်ကလည်း ပြည်သူများ ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို ဆက်စပ် ပတ်သက်သော ဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် ညှိနှိုင်းပြီး အတိုင်းအတာတစ်ခုအထိ ပယ်ဖျက်ပေး ခဲ့ရသည်များလည်းရှိသည်။ ၁၉၈၆ ခုနှစ် မှ ၂၀၁၁ ခုနှစ်အတွင်း ဧရိယာ ၁၀၂၁,၈၈၈ ဒသမ ၅၈ ဧက၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ၆၃၃,၄၅၅ ဒသမ ၃ ဧက နှင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၂၈,၇၈၂ ဒသမ ၉၇ ဧက၊ ၂၀၂၁ ခုနှစ်မှ ၃၁-၃-၂၀၂၂ အထိ ဧက ၂,၄၅၄ ဒသမ ၈၀ စုစုပေါင်း ဧရိယာ ၁,၆၈၆,၅၈၁ ဒသမ ၆၅ ဧကကို ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးခဲ့သည်။ ပယ်ဖျက် ပေးခဲ့သော ဧရိယာပမာဏသည် လက်ရှိ ဖွဲ့စည်းသတ်မှတ်ပြီး ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောဧရိယာ၏ ၃ ဒသမ ၉၁ ရာခိုင်နှုန်းရှိသည်။
သစ်တောထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ကတိကဝတ်များ
ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အတွက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) သို့ အဖွဲ့ဝင်နိုင်ငံများက တင်သွင်းကြရမည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contri-bution - NDC) ကို မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်တွင် တင်သွင်းခဲ့ပြီး ကာဗွန် ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် အဓိက လုပ်ငန်းကဏ္ဍများအနက် သစ်တောကဏ္ဍကို အဓိကလုပ်ငန်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းထား သည်။
သစ်တောနယ်မြေများ (ကြိုးဝိုင်း နှင့် ကြိုးပြင်ကာကွယ်တောများ) ကို နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝ ထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိ ယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်း မည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားပြီး ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ အတွင်း သစ်တောဖုံးလွှမ်းမှု တိုးပွား လာစေရေး၊ သစ်တောများအရည်အသွေး ပိုမိုကောင်းမွန်လာစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် သစ်တောများထိန်းသိမ်း ရေးအတွက် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းမှုကို နှစ်စဉ် လျာထားချက် ပြည့်မီစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ထားသော ကြေးတိုင်ပုံစံများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများနှင့် ဆက်စပ် ပတ်သက်သော ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာနှင့်အဝန်းတွင် သစ်ပင် သစ်တောများ၏ အခန်းကဏ္ဍကို ပိုမို အသိအမှတ်ပြု အလေးထားလာကြ သည်ဖြစ်ရာ ကမ္ဘာ့ကုလသမဂ္ဂ၏ သစ်တောများဆိုင်ရာ နယူးယောက် ကြေညာချက် (၂၀၁၄) တွင် ကမ္ဘာ့အပူချိန် ၂ ဒီဂရီဆဲလ်ဆီးယပ် လျှော့ချနိုင်ရန် အတွက် ၂၀၃၀ ပြည့်နှစ်တွင် သစ်တော ပြုန်းတီးမှုလုံးဝမရှိစေရေး ရည်မှန်းပြီးဆောင်ရွက်သွားရန်နှင့် တောနိမ့် တောပျက် ဟက်တာသန်း ၂၀၀ ကို ပြန်လည် တည်ထောင်ထိန်းသိမ်းရန် ရည်မှန်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဖော်ပြထားသည်ကို တွေ့နိုင် မည်ဖြစ်သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အင်္ဂလန်နိုင်ငံ ဂလပ်စ်ဂိုးမြို့တွင် ကျင်းပ ခဲ့သော ကုလသမဂ္ဂရာသီဥတုပြောင်းလဲ မှု ကွန်ဗင်းရှင်း၏ (၂၆) ကြိမ်မြောက် ညီလာခံ (UNFCCC COP 26) တွင် ကမ္ဘာ့ ခေါင်းဆောင်များ၏ သစ်တောနှင့် မြေအသုံးချမှုဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး သစ်တောပြုန်းတီးမှုနှင့် မြေအတန်းအစား ကျဆင်းမှုတို့အား လျှော့ချရန်နှင့် သစ်တောထိန်းသိမ်းရေး ကို အတူတကွ ပူးပေါင်းကာ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ကြရန် ကတိကဝတ် ပြုခဲ့ကြသည်။
၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ကုလသမဂ္ဂ ဂေဟစနစ်များ ပြန်လည် တည်ထောင်ရေးဆယ်စုနှစ် (United Nations Decade on Ecosystem Restoration) ဟု သတ်မှတ်ခဲ့ပြီး ဂေဟ စနစ်များ ပြန်လည်တည်ထောင်ရေးကို ကမ္ဘာနှင့်အဝန်း တွန်းအားပေးဆောင် ရွက်လျက်ရှိသည်။
သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့စေရေး
အမျိုးသားမြေအသုံးချမှု မူဝါဒ (၂၀၁၆) တွင် မြေသယံဇာတများသည် နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရေရှည်ရည်မှန်းချက်ချမှတ်ပြီး အထူး အလေးထား စီမံအုပ်ချုပ်အသုံးချရမည့် အရင်းအမြစ်များ ဖြစ်ကြောင်းနှင့် မြေအရင်းအမြစ်များကို စနစ်တကျ အသုံးချ စီမံခန့်ခွဲနိုင်သည်နှင့်အမျှ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ပြည့်ဝလာစေရန် ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြ ထားသည်။
သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများသည် သစ်နှင့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက် မပြတ် ထုတ်လုပ်သုံးစွဲနိုင်ရန် ဖွဲ့စည်း ထားခြင်းသာမက ငွေကြေးဖြင့် ဝယ်ယူ ၍ မရနိုင်သော၊ ငွေကြေးဖြင့် တန်ဖိုး မဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် တိုးပွားရေး၊ သစ်တောသယံဇာတများကို စနစ်တကျထိရောက်စွာ စီမံအုပ်ချုပ်နိုင် ရေး၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များ ဖြည့်ဆည်းရေး စသည့်အကျိုးကျေးဇူးအမျိုးမျိုးရရှိရေးအတွက် ဖွဲ့စည်း တည်ထောင်ထားခြင်းဖြစ်သည်။
ထို့ကြောင့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ သတ်မှတ် ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းများ တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၊ အကျိုး ဆက်စပ်ဌာနများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများက သစ်တောဦးစီးဌာနနှင့် အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ ရည်မှန်းချက်နှင့်အညီ တိုးချဲ့ဖွဲ့စည်းနိုင်ပြီး သစ်တောသယံ ဇာတများကို သားစဉ်မြေးဆက်တိုင် အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင် မည်ဖြစ်သည်။ ။
- Log in to post comments