
နေပြည်တော် ဒီဇင်ဘာ ၂
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် အမျိုးသားညွှန်ကိန်းမူဘောင်တို့နှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း မှာ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် အတွင်း ထုတ်ပြန်ခဲ့သည့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အတွက် အခြေပြအစီရင်ခံစာ (SDG Indicator Baseline Report 2017) တွင် ပါသည့် ညွှန်ကိန်းများကို နောက်ဆုံး အခြေအနေနှင့် ကိုက်ညီအောင် ဖော်ပြရန်နှင့်အမျိုးသားညွှန်ကိန်း မူဘောင် အချက်အလက်အစီရင် ခံစာ (၂၀၂၁) (National Indicator Framework Status Report 2021) ကို ထုတ်ပြန်နိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါကြောင်း။
ကတိကဝတ်ပြုခဲ့
စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ (Sustainable Development Goals-SDGs) ဆိုသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့နိုင်ငံ အားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးပုံဖော်နိုင်ရန် ရေးဆွဲထား သည့် ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ် တစ်ခု ဖြစ်ပါကြောင်း၊ SDGs Goals များကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်ကြရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များက ၂၀၁၅ ခုနှစ်တွင် သဘောတူခဲ့ကြ ပါကြောင်း၊ ကုလသမဂ္ဂ၏ အဖွဲ့ ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း SDGs များကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်မည်ဟု ကတိကဝတ်ပြုခဲ့ပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် SDGs ကို အကောင်အထည်ဖော် ဆောင် ရွက်သည့်နေရာတွင် လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် မှုရှိစေရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရေး၊ ကျား/မ တန်း တူညီမျှမှုရှိစေရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိ ပါကြောင်း။
ထုတ်ပြန်ကြေညာခဲ့
SDGs တွင် ပန်းတိုင် (Goal) ၁၇ ခု၊ ဦးတည်ချက် (Target) ၁၆၉ ခု ပါဝင်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ များအနေဖြင့် အဆိုပါပန်းတိုင်များ၊ ဦးတည်ချက်များကို မည်မျှပြည့်မီ အောင် ဆောင်ရွက်ပြီးကြောင်း အကဲဖြတ် တိုင်းတာရာတွင် အသုံးပြုနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် အစည်းအဝေး၌ ကမ္ဘာလုံးဆိုင်ရာ ညွှန်ကိန်းမူဘောင်ကို ထုတ်ပြန် ကြေညာခဲ့ပါကြောင်း၊ အဆိုပါ မူဘောင်ကို အခြေခံပြီး မိမိတို့နိုင်ငံ တွင်လည်း SDGs အကောင် အထည်ဖော် ဆောင်ရွက်မှုကို တိုင်းတာနိုင်ရန်အတွက် SDG Indicator Baseline Report ကို ၂၀၁၇ ခုနှစ်တွင် ပြုစုထုတ်ပြန် ခဲ့ပါကြောင်း။
ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း
ကုလသမဂ္ဂက ချမှတ်ထား သည့် SDGs များသည် ကမ္ဘာ့နိုင်ငံ အားလုံးအတွက် ဘုံရည်မှန်းချက် အနေဖြင့် ရေးဆွဲထားခြင်းဖြစ်၍ နိုင်ငံတစ်နိုင်ငံချင်းစီ၏ လိုအပ် ချက်များ၊ ဦးစားပေး အစီအစဉ် များနှင့် လိုက်လျောညီထွေမှု ရှိ သည်များပါသကဲ့သို့ လိုက်လျော ညီထွေမှု မရှိသည်များလည်း ပါရှိပါကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် တခြားနိုင်ငံများနည်းတူ SDGs ကို လိုက်ပါအကောင် အထည်ဖော်ရာတွင် မိမိနိုင်ငံနှင့် ကိုက်ညီသော ဦးစားပေး လိုအပ် ချက်များကို ထည့်သွင်းစဉ်းစား၍ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ ရည်မှန်းချက် များနှင့် ကိုက်ညီစေရန် မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း Myanmar Sustainable Development Plan (MSDP) ကို ၂၀၁၈ ခုနှစ် တွင် ရေးဆွဲထုတ်ပြန်ခဲ့ပါ ကြောင်း။
ပူးပေါင်းဆောင်ရွက်ရန်လို
မိမိတို့နိုင်ငံသည် ဗဟိုချုပ် ကိုင်မှုလျှော့ချသော စာရင်းအင်း စနစ် (Decentralized Statistics System) ကို ကျင့်သုံးသည့်နိုင်ငံ ဖြစ်သည့်အတွက် စာရင်းအင်း အချက်အလက်များ ပြည့်စုံ၊ မှန်ကန်၊ တိကျပြီး အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ သို့မှသာလျှင် မိမိတို့ နိုင်ငံ၏ အမျိုးသားစာရင်းအင်း စနစ်သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ သက်ဆိုင်ရာဌာနများ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်းက စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များနှင့် အမျိုးသားညွှန်ကိန်း မူဘောင် လုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့် အမျိုးသား ညွှန်ကိန်းမူဘောင်တို့နှင့် စပ်လျဉ်း သည့် အလုပ်ရုံဆွေးနွေးပွဲများကို ဒီဇင်ဘာ ၂ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကာလအတွင်း တစ်ကြိမ်လျှင် ၁၀ ရက်စီဖြင့် လေးကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်