
ပြင်ဦးလွင် အောက်တိုဘာ ၂၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီတွင် 2021 East Asia Summit New Energy Forum ကို ရှန်ဟိုင်းမြို့တွင် ကျင်းပရာ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီး ဌာန နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ခေတ္တပါမောက္ခချုပ် ဒေါက်တာအောင်ဇေယျက Online Zoom ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ (ယာပုံ)
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဩစတြေးလျဓနသဟာယနိုင်ငံ၊ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများ စုစုပေါင်း နိုင်ငံပေါင်း ၁၈ နိုင်ငံမှ Online, Offline တို့ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ အဖွဲ့အစည်းပေါင်း ၅၀ ခန့်ရှိ အဆင့်မြင့်ပညာရှင် များက ခေါင်းစဉ်ပေါင်း ၃၀ ကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံက R&D Commercialization of New Energy Technologies Panel Discussion တွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရာသီဥတု ပုံသဏ္ဌာန်မမှန်သည့် ပြောင်းလဲမှုများလျှော့ချနိုင်ရေး၊ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းပေါ်ပေါက်ရေး၊ Sustainable Future ကို မည်သို့ပုံဖော် တည် ဆောက်ကြမည်ဆိုသည့်အချက်များကို အဓိက ဆွေးနွေးခဲ့ကြကြောင်း၊ ဖိုရမ်သို့ တက်ရောက် ဆွေးနွေးခြင်းအတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အရှေ့အာရှနိုင်ငံ များမှ မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မြဲစေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အပံ့ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် အရှေ့အာရှနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် စွမ်းအင်သစ် နည်းပညာဆိုင်ရာ သုတေသနအတွေ့အကြုံများကို နှီးနှောဖလှယ်ခွင့်ရရှိပြီး သုတေသနအတွေးအမြင် များ ပိုမိုကျယ်ပြန့်ကာ နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍ တိုးတက်စေရန် လက်တွေ့ကျကျ ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)