
ဟင်္သာတ စက်တင်ဘာ ၂၂
လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်နှင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးနှင့် စရိတ်ကုန်ကျမှုသက်သာစေရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား တိုင်း(၉)မှ ပုသိမ်-ဟင်္သာတ-ကြံခင်း (၁၈၁) အဆန်နှင့် (၁၈၂) အစုန် အမြန်ရထားပြေးဆွဲရာတွင် ကြားဘူတာများမှ ရထားဖြင့်ခရီးသွားသူများ၏ စကားသံများကို ဤသို့ကြားသိရပါသည်။
ဦးအောင်နိုင်ထူး (ဟင်္သာတမီးရထား ရုံပိုင် - ရထားသွားလာရေး)
အမြန်ရထား စတင်ပြေးဆွဲတာက တော့ စက်တင်ဘာ ၁၁ ရက်မှစပြီးပြေးဆွဲ ပါတယ်။ တွဲဆိုင်းအနေနဲ့ အထက်တန်းတွဲ နှစ်တွဲ၊ ရိုးရိုးတန်းတွဲ ခြောက်တွဲ၊ ကုန်တင် တွဲနဲ့ နောက်ဆုံးတွဲကတော့ ဘရိတ်တွဲ ပါမယ်၊ အားလုံးပေါင်း ၁၀ တွဲ ပါ ပါတယ်။ ပုသိမ်ကနေ ဟင်္သာတအထိ ကြားဘူတာ ၁၁ ခု၊ ဟင်္သာတနဲ့ ကြံခင်းကြားမှာလည်း ကြားဘူတာ ၁၁ ခု ရပ်တန့်ပါတယ်။ ခရီး သည်တွေအနေနဲ့ ကြားဘူတာတွေမှာ ရပ်တန့်ပေးတဲ့အတွက် ဒေသထွက်ကုန် ပို့ဆောင်မှုအနေနဲ့ အဆင်ပြေတာကို တွေ့ရပါတယ်။
ရထားလက်မှတ် သတ်မှတ်နှုန်း ကတော့ ဟင်္သာတကနေ ပုသိမ်ကို ရိုးရိုး တန်း ၃၈၀၀၊ အထက်တန်း ၇၅၀၀၊ ဟင်္သာတကနေ ကြံခင်းအထိ ရိုးရိုးတန်း က ၃၀၀၀၊ အထက်တန်း ၅၉၀၀ ကျပါ တယ်။ ပုသိမ်ကနေ ကြံခင်းအထိစီးမယ် ဆိုရင် ရိုးရိုးတန်းက ၆၇၀၀၊ အထက်တန်း တွဲက ၁၃၃၀၀ ကျပါမယ်။ ပြည်သူတွေအနေ နဲ့ ခရီးသွားမယ်ဆိုရင် ရထားလက်မှတ် ဝယ်ယူတဲ့အခါ မှတ်ပုံတင်ယူဆောင်လာရ ပါမယ်။ အကယ်၍ မှတ်ပုံတင်မရှိသေးဘူး။ လျှောက်ထားဆဲဆိုရင် သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ ယူဆောင်လာရ ပါမယ်။ နောက်ဆုံး ပြောချင်တာကတော့ ကျွန်တော်တို့က ခရီးသွားပြည်သူတွေ သွားလိုတဲ့နေရာကို စိတ်ချမ်းမြေ့စွာ သွားလာနိုင်အောင်ပဲ ရည်ရွယ်ချက် ရှိပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ အခုချိန်မှာ အမြတ်ဆိုတာထက် ရထားစီး ကြတဲ့သူ အများစုဟာ အခြေခံလူတန်းစား အများစုနဲ့ ဒေသထွက်ကုန်တွေ သယ်ယူ ပို့ဆောင်ကြတဲ့သူတွေ များပါတယ်။ အထက်တန်းမှာလိုက်ပါတဲ့ ခရီးသည် လည်း သိပ်မများသေးပါဘူး။ အဲဒါကြောင့် ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံစွာနဲ့ လိုရာခရီးကို သက်သောင့်သက်သာ စီးနင်းလိုက်ပါနိုင်ရေး၊ ကုန်ကျစရိတ် သက်သာစေရေးနဲ့ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးအတွက် စိတ်နှလုံးကောင်း ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ပြောကြားလိုပါတယ်။
ကိုသူရိန်ဝင်း (အခြေခံစားသောက်ကုန် သယ်ယူပို့ဆောင်သူ)
မြန်အောင်မှာ နေပါတယ်။ လောလော ဆယ် သံပရာသီးတွေကို မြန်အောင်ကနေ ပုသိမ်ကို တင်ပို့ပေးပါတယ်။ အများ အားဖြင့် ရထားနဲ့တင်တာများပါတယ်။ ရာသီအလိုက် ထွက်တဲ့သီးနှံတွေ၊ ဒေသ ထုတ်ကုန်တွေကိုပဲ အများဆုံး တင်ပို့ပါ တယ်။ ရထားနဲ့တင်ပို့တာက စရိတ် သက်သာတယ်။ များများတင်နိုင်တယ်၊ ကုန်မနာဘူးပေါ့။ ကားနဲ့စာရင်တော့ အချိန်နည်းနည်းပိုကြာပေမယ့် ကုန်ကျ စရိတ်နဲ့တွက်ရင်တော့ ရထားက ပိုသက် သာတယ်၊ ပစ္စည်းအနာအဆာ သက်သာ တယ်၊ များများတင်ပို့ နိုင်တဲ့အတွက်လည်း အဆင်ပြေပါတယ်။
ဒေါ်လှလှပြုံး(ကုန်သည်) ကြံခင်း
ကြံခင်းကနေ ဟင်္သာတကို ဒေသ ထွက်ကုန် ဆီ တင်ပို့ပေးတာပါ။ အမြန် ရထားပြေးဆွဲပေးတော့ ကျွန်မတို့အနေနဲ့ သယ်ယူပို့ဆောင်စရိတ် သက်သာတယ်။ ကုန်များများ ဈေးကွက်ကိုတင်ပို့နိုင်တယ်။ လေလွင့်ထိခိုက်မှု နည်းပါးတော့ အဆင် ပြေပါတယ်။
ဒေါ်မြင့်မြင့်(ဈေးရောင်း)
ဘူတာမှာ ထမင်းရောင်းတာ ၄၅ နှစ် ကျော်ပါပြီ။ ဒီအလုပ်နဲ့ပဲ အသက်မွေး ဝမ်းကျောင်းလာတာ သားသမီး ခြောက် ယောက်ကို ကျောင်းထားပေးနိုင်ခဲ့တယ်။ သူတို့တွေလည်း ခုချိန်မှာ အလုပ်ကိုယ်စီ ရှိနေကြပါပြီ။ ဟိုးတုန်းက ရထားတွေ ပုံမှန်ပြေးဆွဲကြတော့ ထမင်းရောင်းရတာ ပျော်စရာကောင်းတယ်။ ပုသိမ်ဘက်က လာတဲ့ရထားက ဟင်္သာတကို ရောက်ရင် ကုန်တင်၊ ကုန်ချတာတွေ၊ လူတွေတင်တာ တွေနဲ့ ရထားရပ်ချိန် နာရီဝက်လောက် ရတယ်၊ အဲဒီအချိန်မှာဆို ပုသိမ်ကလာ တဲ့သူတွေကလည်း ဟင်္သာတမြို့ထဲ ခဏဝင်၊ ကြံခင်းဘက်ကလာတဲ့ရထား ဆိုလည်း ဟင်္သာတမှာရပ်ရင် အချိန်ပိုရတဲ့ အတွက် ထမင်းထုပ်အပြင် ခုံလေးတွေ ချပြီး ထိုင်စားလို့ရအောင် ပြင်ဆင် ရောင်းချလို့ ရခဲ့တယ်။
ကိုဗစ်ကြီးလည်းဖြစ်လာရော ရထား က စာပို့တွဲပဲရှိတော့ အချိန်ကြာကြာ လည်းမရပ်ဘူး၊ ခရီးသည်တွေဆိုတာ ကလည်း အခြေခံလူတန်းစားတွေဖြစ်တဲ့ အတွက် မဖြစ်မနေလိုက်ပါကြတဲ့သူတွေ များတယ်။ ခရီးဆုံးထိလိုက်တဲ့သူ နည်း တယ်။ ကြားဘူတာတွေလောက်မှာပဲ ဆင်းကြတော့ အရင်တုန်းကလို ထမင်း မရောင်းရဘူး။ ဟိုတုန်းက တစ်ရက်ကို ဆန် ၁၀ ပြည်ချက်ရတာ။ အခုဆိုရင် ဆန် လေးပြည် မနည်းကုန်အောင် ရောင်းရ တာ။ ရထားဆိုက်ချိန် သိမ်းပြီးဆို ကျန်တာလေးတွေ ပြန်သယ်၊ အနီးအနား ကလူတွေကိုရောင်းပြီး ပိုရင် မိသားစု အတူစားကြရတာပေါ့။
အခုအမြန်ရထားက တစ်ရက်ကို အစုန်အဆန် နှစ်စင်းပဲထွက်တာဆိုတော့ ရပ်ချိန်နည်းတာရယ် ခရီးသွားတွေ လည်း ဟိုတုန်းကလောက်မများတာ မို့ ဈေးသိပ်မရောင်းရပေမယ့်လည်း ပျော်ပါတယ်။ စီးပွားရေးအဆင်မပြေတာ တွေ၊ ကျပ်တည်းတာတွေက ကိုယ် တစ်ယောက်တည်းမဟုတ်ဘဲ အများလည်း တွေ့ကြုံရင်ဆိုင်နေရတာဆိုတော့ တိုင်း ပြည်ကြီးလည်း မြန်မြန်တည်ငြိမ်အေး ချမ်းစေချင်ပါတယ်။ ကုန်ဈေးနှုန်းတွေ လည်း ကျစေချင်ပါတယ်။ အမြန်ရထား ကြီး ပြန်လည်ပြေးဆွဲစေတဲ့အတွက်လည်း ခရီးသွားတွေ ဟိုတုန်းကလို ပျော်ပျော် ပါးပါး အလည်အပတ်ခရီးတွေ ထွက်စေ ချင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ - ခင်စန္ဒာဆွေ
(လက်ထောက်ညွှန်ကြားရေးမှူး)
ဓာတ်ပုံ(ပြန်/ဆက်)