
နေပြည်တော် အောက်တိုဘာ ၃၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်း တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မကွေးတိုင်း ဒေသကြီးအတွင်းရှိ စက်မှုသင်တန်းကျောင်း နှစ်ကျောင်းအနက် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ဒီဇင်ဘာလဆန်းတွင် ပြန်လည်ဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မကွေး တိုင်းဒေသကြီးအတွင်းတွင်ရှိသည့် အထည်စက်ရုံ များ လိုအပ်လျက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို ပြတ်လပ်မှုမရှိစေရေး တိုင်းဒေသကြီးအတွင်းရှိ ဝါစိုက်တောင်သူများနှင့် ချိတ်ဆက်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုဝန်ကြီး ဌာနရှိ စက်ရုံအလုပ်ရုံများကိုလည်း ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ အောင်မြင် အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် က စက်မှုဝန်ကြီးဌာနရှိ စက်ရုံများအတွက် လိုအပ် သော ကုန်ကြမ်းများရရှိအောင် ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ အထည်စက်ရုံ များအတွက် ဝါကုန်ကြမ်းများ အပြည့်အဝရရှိရေး အတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း၊ စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသို့ ရောက်ရှိရာ တိုင်းဒေသကြီးဦးစီးဌာနမှူး က စက်မှုလုပ်ငန်းများ၊ လျှပ်စစ်နှင့် ဘွိုင်လာများ ကို စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှု၊ ဒေသအတွင်းရှိ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်သည့် စက်ရုံပေါင်း ၅၇၆ ရုံမှ တစ်နှစ်လျှင် စားသုံးဆီစုစုပေါင်း ၄၇၈၇၇၈၅ ပိဿာ (၇၈၁၈ မက်ထရစ်တန်) ထုတ်လုပ်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းစားသုံးဆီ ထုတ်လုပ်သည့် စက်ရုံများအနေဖြင့် အရည်အသွေး ပြည့်မီသော စားသုံးဆီများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် လိုအပ် သည့် နည်းပညာ၊ အကြံဉာဏ်များ ကူညီပေးသွား ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပံ့ပိုး ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြား သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ချောက်မြို့ရှိ အမှတ်(၃၅) အကြီးစားစက်ရုံသို့ ရောက်ရှိပြီး ကြွေသီးများ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ တာဝန်ရှိသူများ အနေဖြင့် Business Plan များ ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြ ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက် ပေးကာ ကြွေသီးများထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံသို့ ရောက်ရှိပြီး စက်ပစ္စည်းကိရိယာများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်