
နေပြည်တော် မတ် ၁၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီး မြစ်သားမြို့ရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား)ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှူးက အရည်အသွေးပြည့်မီသော ၂/၆၀ ချည်၊ ၂/၈၀ ချည် များကို ထုတ်လုပ်ရန် လမ်းညွှန်မှုပြုထားသဖြင့် စက်ရုံ၌ ၂/၈၀ ချည်များ ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများ ပြုပြင်နေမှုနှင့် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၂/၈၀ ချည် များ အမြန်ဆုံးထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်း ကိရိယာများပြုပြင်နေမှုကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်၊ ၂/၈၀ ချည်များ စီးပွားဖြစ် စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းချည်မျှင်ရှည်ဝါဂွမ်းများနှင့် စက်အရန် ပစ္စည်းများကို ကြိုတင်စုဆောင်းထားရန်၊ အရည် အသွေးကောင်းမွန်သော ၂/၈၀ ချည်များ ထုတ်လုပ် နိုင်ရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ကို မြှင့်တင်ထားရန်၊ ထုတ်ကုန်ပစ္စည်းများ အရည် အသွေးကောင်းမွန်စေရန် ကုန်ကြမ်း၊ စက်ပစ္စည်းများ ကောင်းမွန်နေရုံဖြင့်မရဘဲ စက်များကို ကိုင်တွယ် မောင်းနှင်နေသည့် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုလည်း လိုအပ်သဖြင့် လေ့ကျင့်သင်ကြားပေးရန်နှင့် မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးအတွက် ကြိုတင် ဆောင်ရွက်သင့်သည်များ ဖြည့်ဆည်းဆောင်ရွက် ထားကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း ၁/၄၀ ချည်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ၂/၈၀ ချည်များ ထုတ်လုပ် နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ ပြုပြင်ပြီးစီး မှုနှင့် ပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်မည်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ စက်မှု ဝန်ကြီးဌာနအနေဖြင့် ၂/၈၀ ချည်များကို ထုတ်လုပ်၍ ပြည်တွင်းအထည်အလိပ်လုပ်ငန်းများသို့ ဖြန့်ဖြူး ပေးနိုင်လျှင် ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်မည်ဖြစ် သဖြင့် အမှတ်(၇) အထည်စက်ရုံ (မြစ်သား)တွင် ထုတ်လုပ်နိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ချိန်တွင် ၂/၈၀ ချည် ကို တစ်လလျှင် ပေါင် ၂၀၀၀၀၊ တစ်နှစ်လျှင် ပေါင် ၂၄၀၀၀၀ အခြေခံထုတ်လုပ်နိုင်ပြီး ပြည်တွင်း အထည် အလိပ်လုပ်ငန်းရှင်များထံ ဖြန့်ဖြူးပေးသွားနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။
အမှတ်(၇) အထည်စက်ရုံ (မြစ်သား) အနေ ဖြင့် အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသော ၂/၈၀ ချည်များ စီးပွားဖြစ် ထုတ်လုပ်နိုင်ရေး အတွက် ဝါဂွမ်းအမျှင်အရှည် ၃၄ မီလီမီတာရှိသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်