
ပဲခူး ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့အနီး ဘက်စုံစိုက်ပျိုး၊ မွေးမြူရေး စခန်း (၁၀) မိုင် သင်တန်းကျောင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် စဉ်ဆက်မပြတ် မှိုမျိုးစုံ မွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း အမှတ်စဉ်(၃/၂၀၂၄)ကို ပြည်သူများ မှိုစိုက်ပျိုးထုတ်လုပ်သည့်နည်းစနစ်များ သိရှိစေရန်နှင့် မိသားစုဝင်ငွေတိုးစေရန်၊ ဆေးဖက်ဝင်မှိုများ၏ ဆေးဖက်ဝင်အာနိသင် များကို သိရှိနားလည် စားသုံးလာစေရန်အတွက် ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ သင်တန်းသား၊ သင်တန်းသူများအား ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် မှိုသုတေသနခြံ ငါးခြံ (ရန်ကုန်၊ ပဲခူး၊ မှော်ဘီ၊ တောင်ငူ၊ ပြင်ဦးလွင်) ရှိကြောင်း၊ ကမ္ဘာပေါ်တွင် စီးပွားဖြစ် စိုက်ပျိုးသော မှိုအမျိုးအစား ၁၁ မျိုးရှိကြောင်း၊ ငွေနှင်းမှို၊ ကောက်ရိုးမှို၊ ကြွက်နား ရွက်မှို၊ မှိုကြယ်သီး၊ ပဲပင်ပေါက်မှို၊ မျောက်ခေါင်းမှို၊ လင်ဇီးမှို၊ နို့စိမ်းမှို၊ ငွေနားမှို၊ နာမီကိုမှို၊ မှိုနွေး အစရှိသော စိုက်ပျိုးရေးမှို စားသုံးခြင်းသည် အန္တရာယ်မရှိဘဲ ကျန်းမာရေးကို အထောက်အကူပြုစေကြောင်း မှို သင်တန်းနည်းပြဆရာမ ဒေါ်တင်စုလှိုင်က ပြောသည်။
“ငွေနှင်းမှိုက ပျိုးထုပ်မှာ သစ်ပျော့လွှစာမှုန့် (ရော်ဘာသား)ထည့်၊ ပီပါပေါင်းအိုးနဲ့ ပိုးသန့်စင်ပြီး အအေးခံရပါတယ်။ ပျိုးထုပ်ထဲ မျိုးစေ့ ထည့်၊ ပျိုးခန်းထဲထည့်ပြီး သုံးပတ်ကနေ တစ်လအကြာမှာ မှိုစိုက်ထုပ် ဖြစ်လာရင် ခုနစ်ရက်နဲ့ ၁၂ ရက်ကြားမှာ အပွင့်ဖြစ်လာပြီး ခူးဆွတ် ရောင်းချပါတယ်။ မှိုရတဲ့အချိန်က သက်တမ်း သုံးလမှ ငါးလအထိ ခူးရောင်းလို့ရတဲ့အတွက် အဆင်ပြေပါတယ်။ စိုက်ထုပ် ၃၀၀၀ မှာ တစ်နေ့ကို ကိုးပိဿာခန့် ရပါတယ်။ တစ်လကို အချိန်ပိဿာ၂၅၀ ခန့် ရပါတယ်၊ မှိုထွက်သလောက် ရောင်းရတယ်။ နေ့တိုင်း ခူးရောင်းလို့ ရအောင်လည်း မှိုမျိုးမပြတ်အောင် ပျိုးထုပ်နဲ့ စိုက်ထုပ်ကြားမှာ ရက်ခြား ပြီး ကြိုတင်ပျိုးထောင်ထားပါတယ်” ဟု ငွေနှင်းဖြူမှိုကို ကြိုးဆွဲစနစ်ဖြင့် သုံးနှစ်ကြာ စိုက်ပျိုးခဲ့သူ အင်းတကော်မြို့မှ ဦးညီညီအောင်က ပြောသည်။
အင်းတကော်မြို့အနီးပတ်ဝန်းကျင်တွင် စီးပွားဖြစ် မှိုစိုက်ပျိုးသူ၊ တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးကြသူ ၁၀ ဦးခန့်ရှိကြောင်း၊ ၁၂ ရာသီ ကာလတိုင် မွေးမြူထုတ်လုပ်နိုင်သောကြောင့် မှိုစိုက်ပျိုးခြင်းသည် အိမ်တွင်းစီးပွားရေးတစ်ခု ဖြစ်ကြောင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးမှို မွေးမြူစိုက်ပျိုး ထုတ်လုပ်ရေးသည် စားသုံးသူနှင့် ဈေးကွက်က အဓိက ကျကြောင်းနှင့် စိုက်ပျိုးရေးမှိုကို စနစ်တကျ မွေးမြူစိုက်ပျိုး ထုတ်လုပ် ရောင်းချနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ခွန်(ဝင်းပ)