နေပြည်တော် ဇွန် ၂၅
စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်စက်မှု လုပ်ငန်းများဖွံ့ဖြိုးရေးနှင့် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီး မြှုပ်နှံမှုတိုးတက်ရေးအတွက် အစိုးရဌာနဆိုင်ရာများ ဘက်မှ ကူညီဆောင်ရွက်ပေးနေမှုနှင့် လုပ်ငန်းရှင် များ၏ လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက သာကေတစက်မှုဇုန်နှင့် သီလဝါ စက်မှုဇုန်များရှိ ပုဂ္ဂလိကစက်ရုံများသို့ သွားရောက်၍ လိုအပ်ချက်များကို ဆွေးနွေးကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သာကေတစက်မှုဇုန်ရှိ ပုဂ္ဂလိကစက်မှုကုမ္ပဏီ၏ ငါး၊ ပုစွန် အေးခဲပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က ငါး၊ ပုစွန်များကို ပြည်ပသို့ တင်ပို့ခြင်းထက် ငါးအသားလွှာကဲ့သို့သော တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်ပါက လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်မှု နှင့် ဒေသနေပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအခြေအနေ၊ သဘာဝရေချို ရေငန် မှ ဖမ်းဆီးရရှိလာသည့် ငါး၊ ပုစွန်များအပြင် ရေရှည် တွင် မွေးမြူရေး ငါး၊ ပုစွန်များ ထုတ်လုပ်တင်ပို့ရေးကို ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သီလဝါဆိပ်ကမ်းဖွံ့ဖြိုးရေးဇုန်ရှိ လယ်ယာထွက်ကုန် အခြေခံသော စက်မှုလုပ်ငန်းအဖြစ် ဆန်စက်၊ ဖွဲနု ဆီစက်နှင့် စပါးခွံအသုံးပြု လျှပ်စစ်မီးထုတ်ယူပြီး လုပ်ငန်းခွင်အတွင်း အသုံးပြုနေမှုများကိုလည်း ကောင်း၊ ဂျုံသီးနှံထွက် စားသောက်ကုန်ထုတ် လုပ်ငန်းများ၊ အဆင့်မြင့်ဆီစက်နှင့် ဆီသန့်စက်ရုံများ၊ ကုန်ပစ္စည်းထုပ်ပိုးစက်ရုံများကို ကြည့်ရှုစစ်ဆေး အားပေးပြီး ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့် ဆီစက်များမှ ထွက်ရှိလာသည့် ဆီကြိတ်ဖတ်များမှာ တိရစ္ဆာန်အစားအစာအတွက် အပြည့်အဝ အသုံးချနိုင် သဖြင့် စားသုံးဆီကို ဘေးထွက်ပစ္စည်းသဖွယ် ထုတ်လုပ်နိုင်မှု၊ ပြည်တွင်းဆီလုပ်ငန်းကဏ္ဍအတွက် လိုအပ်နေသည့် အသေးစား အလတ်စား ဆီသန့် စက်ရုံများ ပေါ်ပေါက်လာရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ လုပ်ငန်းရှင်များ လိုအပ်သည့် ပမာဏနှင့် သီးနှံအရည်အသွေး အပြည့်အဝရရှိစေရန် လုပ်ငန်းရှင်များနှင့် တောင်သူ များအကြား အကျိုးတူကန်ထရိုက်လယ်ယာစနစ် တိုးချဲ့ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေး မှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သီလဝါစက်မှုဇုန်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစု ကွန်ပေါင်းဓာတ်မြေဩဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး(ဝဲပုံ) ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ သီးနှံအပင်၏ လိုအပ်ချက်ပေါ်မူတည်၍ ဓာတ်မြေဩဇာ အချိုးအစားအမျိုးမျိုး ထုတ်လုပ်နေမှု၊ ပြည်တွင်းစိုက်ပျိုးရေးသွင်းအားစု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပြည်ပမှ တင်သွင်းရမည့် ဓာတ်မြေဩဇာကုန်ကြမ်း အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



