
နေပြည်တော် မတ် ၁၁
မြန်မာနိုင်ငံအတွင်း အချို့မြို့ကြီးများတွင် ဆန္ဒပြမှု များ ဖြစ်ပွားလျက်ရှိပြီး ဆန္ဒပြသူများအနက် အချို့ သော လူပုဂ္ဂိုလ်များသည် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှုနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း စီ၏ လုံခြုံမှုကို ထိခိုက်စေရန်ရည်ရွယ်၍ ၎င်းတို့ကို ထောက်ခံဝန်းရံခြင်းမရှိသူများကို သတင်းပေးများ အဖြစ် စွပ်စွဲခြင်း၊ လူ့ဂုဏ်သိက္ခာ ထိခိုက်စေသည့်အထိ တရားမဲ့ပြုကျင့်ခြင်း၊ နေအိမ်အဆောက်အဦနှင့် ယာဉ်များအား ဖျက်ဆီးခြင်းတို့ကို အုပ်စုဖွဲ့၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်
ထိုသို့ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာ အမှတ်(၄) ရပ်ကွက်နေ ဦးတာယာမင်းဒီ၊ မသဇင်ဝေ၊ ဦးသင်္ကြန်ဦးတို့ ဦးဆောင်သည့် ဆူပူအကြမ်းဖက်သူ အင်အား ၆၀ ခန့်သည် မတ် ၉ ရက် နံနက် ၉ နာရီခွဲ ခန့်တွင် အမှတ်(၃) ရပ်ကွက်နေ ဦးအောင်မြင့်(ဘ)ဦးဘမင်း၊ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ၏ နေအိမ် ရှေ့သို့ လာရောက်စုရုံးပြီး “သတင်းပေးသည့် အိမ်အား ဖျက်ဆီးကြ၊ ခဲနှင့် ပေါက်ကြ၊ မီးရှို့ကြ” ဟု အော်ဟစ်လှုံ့ဆော်ပြီး ဦးအောင်မြင့်၏ နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တံခါးများအား ဖျက်ဆီး ခြင်း၊ မော်တော်ယာဉ်အား မီးရှို့ခြင်းစသည့် အကြမ်း ဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် လူစုခွဲခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူလူတစ်စု၏ အကြမ်း ဖက်လုပ်ရပ်ကြောင့် ဦးအောင်မြင့်၏ သားဖြစ်သူ မောင်မျိုးမြန်မာ အသက် (၂၃) နှစ်တွင် နဖူးပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ်တစ်စီး၊ အပ်ချုပ်စက် ၃ လုံးနှင့် ပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သည်။
မော်တော်ယာဉ်အား ဖျက်ဆီး
အလားတူ ကော့သောင်းမြို့ ရွှေပြည်သာ ရပ်ကွက်နေ ဦးမြင့်အေး(ဘ) ဦးမောင်ချို(အုပ်ချုပ်ရေးမှူးဟောင်း)ပါ ဆူပူဆန္ဒပြသူအင်အား ၂၀ ခန့် သည် မြရည်ပုလဲလမ်း ရွှေပြည်သာရပ်ကွက်နေသူ ဦးဝင်းထွဋ် မောင်းနှင်လာသော Honda FIT အမျိုး အစား မော်တော်ယာဉ်အမှတ်၊ 2E/..... အား အေးရိပ် ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင် (၂) လမ်းနှင့် ပေါ်ဦး (၃)လမ်း လမ်းဆုံနေရာ၌ လမ်းပိတ်ဆို့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များအား သတင်းပေးနေသူဟု စွပ်စွဲပြီး လူနှင့် မော်တော်ယာဉ်အား ရွှေပြည်သာရပ်ကွက် သုသာန်သို့ခေါ်ဆောင်ကာ တုတ်၊ ခဲများဖြင့် ရိုက်ခွဲ ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ အေးရိပ်ငြိမ်ရပ်ကွက် တော်ဝင် လမ်းရှိ သစ်စက်အဟောင်းနေရာ၌ ဆူပူဆန္ဒပြသူများ ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိနေသည့် ဦးဝင်းထွဋ်အား တွေ့ရှိခဲ့သဖြင့် ၎င်းအား တပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ ရေး ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီခန့်တွင် ငလွမ်း (ဘ) ဦးကြွက်နီ ရွှေပြည်သာရပ်ကွက် ကော့သောင်း မြို့နေသူအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖြစ်စဉ်များတွင် ဦးဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိအရေးယူနိုင် ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည် များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်