ဆူဇူကီးပြိုင်ပွဲ အုပ်စု (က) တွင် ထိုင်းနှင့် စင်ကာပူ ဆီမီးဖိုင်နယ်တက်ရောက်ပြီး မြန်မာအသင်း အုပ်စုမှထွက်ရန် သေချာ

 

 

ရန်ကုန်   ဒီဇင်ဘာ   ၁၄
၂၀၂၀ အာဆီယံ  ဆူဇူကီးဖလားပြိုင်ပွဲ   အုပ်စု (က) ပွဲစဉ်များကို ဒီဇင်ဘာ ၁၄ ရက်က ဆက်လက်ကျင်းပ ရာ ထိုင်းနှင့် စင်ကာပူအသင်း  အနိုင်ရရှိပြီး  ဆီမီး ဖိုင်နယ်တက်ရောက်သွားခဲ့သည်။ အုပ်စုစတုတ္ထနေ့ တွင် ထိုင်းအသင်းက ဖိလစ်ပိုင် အသင်းကို   နှစ်ဂိုး-တစ်ဂိုး၊   စင်ကာပူအသင်းက တီမောအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 
ထိုင်းနှင့်  စင်ကာပူအသင်းတို့   နိုင်ပွဲရခဲ့သဖြင့်  ဆီမီးဖိုင်နယ်တက်ရောက်ရန်     သေချာသွားခဲ့ပြီး မြန်မာနှင့်  ဖိလစ်ပိုင်အသင်းတို့မှာ အုပ်စုမှထွက်ရန် သေချာသွားခဲ့သည်။ မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်းနှင့်ကစားရန် ကျန်သေးသော်လည်း ထိုင်းနှင့် စင်ကာပူအသင်း အနိုင်ရခဲ့သဖြင့် အုပ်စုမှထွက်ရန် သေချာသွားခြင်းဖြစ်သည်။ ယခုပွဲအပြီးတွင် ထိုင်းနှင့် စင်ကာပူအသင်းသည် သုံးပွဲကစား သုံးပွဲနိုင် ရမှတ် ကိုးမှတ်စီဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် သေချာ သွားခဲ့ပြီး သုံးပွဲကစား သုံးမှတ်ရထားသည့်   မြန်မာ အသင်းနှင့် ဖိလစ်ပိုင်အသင်း၊ ပွဲကုန်လေးပွဲကစားပြီး ရမှတ်မရသည့် တီမောအသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။ မြန်မာအသင်းသည် ဆူဇူကီးပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀၀၄ နှင့် ၂၀၁၆ နှစ်ကြိမ် သာ ဆီမီးဖိုင်နယ်တက်ရောက်ဖူးပြီး ကျန်ပြိုင်ပွဲများ တွင် အုပ်စုအဆင့်မှထွက်ခဲ့ရသည်။
အုပ်စု (က) နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၈ ရက် တွင် ကျင်းပမည်ဖြစ်ပြီး ထိုင်းနှင့် စင်ကာပူပွဲမှာ အုပ်စု ပထမနေရာအတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာနှင့် ဖိလစ်ပိုင်ပွဲမှာ ဂုဏ်သိက္ခာပိုင်းအတွက်သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။            
            ရဲရင့်လွင်