
နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီး ဌာန ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကိုကိုအေး တို့က လိုဏ်ဂူတော်ကြီး၏သမိုင်းအကျဉ်း၊ နှစ်ကာလကြာမြင့်လာပြီ ဖြစ်သဖြင့် ပျက်စီးယိုယွင်းလာသည့် အခြေအနေများနှင့် ပြုပြင်မွမ်းမံ ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လိုဏ်ဂူတော်ကြီးသည် ဘာသာရေးအရ အထွတ်အမြတ်ထားသည့် နေရာတစ်ခုဖြစ်သကဲ့သို့ သမိုင်းဝင်အဆောက် အအုံတစ်ခုဖြစ်သဖြင့် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ သုတေသနပြုလုပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ အပေါ်ယံ ပျက်စီးယိုယွင်းမှုများကို ပြုပြင်မွမ်းမံခြင်းမဟုတ်ဘဲ ရှေးမူလက်ရာ များကို မပျက်စီးအောင်ထိန်းသိမ်း၍ ခေတ်နှင့်လျော်ညီသည့်စနစ်များ နှင့် ရေရှည်တည်တံ့ကောင်းမွန်စေနိုင်မည့် စနစ်များကို ထည့်သွင်း တွက်ချက် ပြုပြင်ဆောင်ရွက်ရန်လိုပြီး ပြုပြင်မွမ်းမံမည့်ဒီဇိုင်းများနှင့် အသုံးပြုမည့်ပစ္စည်းများကို အသေးစိတ် စဉ်းစားတွက်ချက်ဆောင်ရွက် ကြရန်လိုကြောင်း၊ ပြုပြင်မှုများကိုလည်း မှတ်တမ်းများ စနစ်တကျ ထားရှိရန်လိုကြောင်း၊ ရေစိမ့်ဝင်ခြင်းသည် အဆောက်အအုံများကို အဓိကပျက်စီးစေနိုင်သောကြောင့် ရေယိုစိမ့်မှုများ မဖြစ်ပေါ်စေရေး နှင့် မလိုအပ်သည့်အပင်များရှင်းလင်းရေးအတွက်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ နှစ်ပေါင်းများစွာ တည်တံ့စေနိုင်သည့် အဆောက်အအုံ ဖြစ်စေရေး စနစ်တကျထိန်းသိမ်းပြုပြင်ကြရန်လိုကြောင်း၊ ပြုပြင်မှု များ ဆောင်ရွက်ရာတွင် ငွေကြေးနှင့်အချိန်ထက် ရေရှည်တည်တံ့စေရေး အပိုင်းလိုက်ခွဲ၍ စနစ်တကျဖြင့် Fully Renovation ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ အခြားဘာသာဝင်များ၏ အထင်ကရသမိုင်းဝင် အဆောက်အအုံများကိုလည်း ပြုပြင်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီးရှိ ပျက်စီးယိုယွင်းနေမှုအခြေအနေ များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ လိုဏ်ဂူတော်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သည် ဟံသာသီရိကုန်းတော်ရှိ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီး များ လာရောက်စဉ် ခေတ္တသီတင်းသုံးသည့် အဆောင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ စနစ်တကျပြုပြင်မွမ်းမံထိန်းသိမ်းခြင်း များ ဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားသည်။
အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ပေါ်တွင်တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော်စီ ခဲ့ကြောင်း၊ ဆောက်လုပ်ရေးအရာရှိနှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေး ကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ဖြင့် ဆောက်လုပ်ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေ ၁၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လိုဏ်ဂူတော်ကြီးတွင် အကျယ် ၁၂ ပေရှိ ဝင်ပေါက် ခြောက်ခု၊ အတွင်းခန်းမကြီးသည် အလျားပေ ၂၂၀၊ အနံပေ ၁၄၀ အကျယ်ရှိပြီး ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ရည်ညွှန်းသည့် အမြင့် ၅၅ ပေရှိ တိုင်ကြီး ခြောက်တိုင်ဖြင့် လိုဏ်ဂူတော်ကြီး၏ အမိုးကို ထောက်မထားကြောင်း၊ လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌသင်္ဂါ ယနာတင်ခြင်းကို ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက် အထိ နှစ်နှစ်နှင့် ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခြားသော ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သည့် အခမ်းအနားကြီးများကိုလည်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ လိုဏ်ဂူတော်ကြီး၏ သက်တမ်းမှာ ၆၇ နှစ်ရှိပြီဖြစ်ပြီး ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် အကြီးစားပြုပြင် မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိရာ ၅၅ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်