
နေပြည်တော် နိုဝင်ဘာ ၈
မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် နှင့် မိတ္ထီလာပညာရေးဒီဂရီ ကောလိပ်တို့၌ နည်းပြ သရုပ်ပြ ဆရာ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် အဆိုပါ တက္ကသိုလ်များရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အလေးထားဆောင်ရွက်
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံ တော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေးအဆင့်မြှင့်တင် ရေး ဆောင်ရွက်ရန်၊ ဆရာ ဆရာမများ အရည်အသွေး မြှင့်တင်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတော်တွင် ပညာတတ်များပေါများအောင် ဆောင်ရွက်ရန် အမြဲ လမ်းညွှန်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အသစ်ခန့်အပ်ခံရသည့် ဆရာ ဆရာမများ ကို စီမံခန့်ခွဲရေးသင်တန်း၊ သင်ပြနည်းအပါအဝင် ပညာရေးဘာသာရပ် သုံးဘာသာ မွမ်းမံသင်တန်းနှင့် သက်ဆိုင်ရာ ဘာသာရပ်မွမ်းမံသင်တန်းများကို တစ်လကြာဖွင့်လှစ်ကာ ဆရာ ဆရာမသစ်လွင်များကို အရည်အသွေးမြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာဘာသာရပ်များ သင်ကြားပေးရုံသာမက ကျောင်းသား ကျောင်းသူများကလည်း မင်္ဂလာတရား၊ ဂါရဝတရားနှင့်အညီ ပြောဆိုဆက်ဆံတတ်ရေး မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများ ဆက်လက် ထိန်းသိမ်းစေရေးအတွက်လည်း အလေးထားဆောင် ရွက်ပေးကြစေလိုပါကြောင်း၊ လူတိုင်းစည်းကမ်း လိုက်နာမှ တိုးတက်မည်ဖြစ်၍ ကျောင်းသား ကျောင်းသူများ စည်းကမ်းကောင်းမွန်အောင် လေ့ကျင့်ပေးစေလိုပါကြောင်း။
ဆရာများသည် ထာဝရ ဆရာများဖြစ်သကဲ့သို့ ထာဝရစေတနာ့ ဝန်ထမ်းများလည်းဖြစ်သဖြင့် မိမိ တို့ထက် အသိပညာ အတတ်ပညာ အတွေ့အကြုံ ပိုမိုရင့်ကျက်သော ဆရာကြီး ဆရာမကြီးများအပေါ် ဂါရဝတရားရှေ့ထား၍ လေးစားစွာ ပြုမူဆက်ဆံ ကြရမည်ဖြစ်ပါကြောင်း၊ ဆရာများအနေဖြင့် မိမိ ကိုယ်ကို ထာဝရကျောင်းသားကြီးများအဖြစ် ခံယူ၍ အမြဲမပြတ် သင်ယူဆည်းပူးလေ့လာနေရမည်ဖြစ်ပါ ကြောင်း၊ ဆရာများကိုယ်တိုင် စံပြ ထူးချွန်ထက်မြက် နေမှသာ တပည့်များကိုလည်း ထူးချွန်ထက်မြက် အောင် ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်း အချိန်ကာလ တိုတောင်းသော်လည်း အခွင့် အရေးကိုရယူအသုံးချလျက် မိမိ၏ အရည်အသွေး ကို မြှင့်တင်ကြရမည်ဖြစ်ပါကြောင်း။
သင်ကြား လေ့ကျင့်
ဆရာသည် စာများများ ဖတ်ရန်လိုအပ်ပြီး စာကြည့်တိုက်၊ အင်တာနက် စသည်များတွင် မိမိတို့ ကိုယ်တိုင်လေ့လာပြီး တပည့်များကိုလည်း သင်ကြား လေ့ကျင့် ပေးစေလိုပါကြောင်း၊ မိမိတို့တပည့်များအား တစ်ချိန်တွင် မိမိတို့နေရာ၌ လက်ဆင့်ကမ်းပေးခဲ့ကြ ရမည်ဖြစ်၍ ယခုကတည်းက အရည်အသွေးရှိအောင် သင်ကြားပေးကြစေလိုပါကြောင်း၊ လူငယ်များကို ရိုးသားကြိုးစားပြီး လောကကို အလှဆင်နိုင်သူများ ဖြစ်အောင် ပျိုးထောင်ပေးစေလိုပါကြောင်း၊ မည် သည့် ခွဲခြားမှုမျှ မရှိစေဘဲ သင်ယူမှုအခွင့်အလမ်း တစ်ပြေးညီရရှိအောင် ဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ လူတိုင်းတွင် အရည်အချင်းတစ်ခုစီရှိ၍ တန်ဖိုးရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးမိသားစု များအနေဖြင့် အကြီးနှင့်အငယ် ဆရာနှင့်တပည့် စသည်ဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အပြန်အလှန် လေးစားတန်ဖိုးထား ဆက်ဆံကြ၍ ပညာရေးလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူ များကို စာတတ်အောင် သင်ကြားပေးနိုင်သည့် စာသင်ကောင်းသော ဆရာ ဆရာမများဖြစ်လာစေရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။
ကြိုဆိုနှုတ်ခွန်းဆက်
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပါမောက္ခချုပ်များက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော် ဇော်ဦးက နည်းပြ သရုပ်ပြ ဆရာ ဆရာမ သစ်လွင် များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ချီးမြှင့် ငွေများကို ထောက်ပံ့ပေးအပ်ရာ ဝိဇ္ဇာသိပ္ပံဘာသာရပ် ကိုယ်စားလှယ် ကျောင်းသား ကျောင်းသူများက လက်ခံရယူသည်။
ဖြည့်ဆည်း ဆောင်ရွက်ပေး
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်း(ရှမ်းတဲ)သို့ သွားရောက်၍ ကျောင်းဝင်း အတွင်းရှိ ကျောင်းဆောင်များ၊ သိပ္ပံလက်တွေ့ခန်း၊ စာကြည့်တိုက်၊ ဆရာနားနေဆောင်၊ ရေသန့်စက် စသည်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ နှင့် မကြာခင်က ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ် များ ပြန်ဖွင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့် ပညာတတ်လူငယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးကြရန် မှာကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဆရာ ဆရာမများ က သိလိုသည်များ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက် ကြည့်ရှု၍ အဆောက်အအုံများ မွမ်းမံတည်ဆောက် ရေးနှင့် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
အသစ်ခန့်အပ်သည့် နည်းပြ သရုပ်ပြ ဆရာ ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းကို ယနေ့မှစ၍ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်