ဆရာ ဆရာမများအနေဖြင့် တောင်ပေါ်ဒေသရှိ ကျောင်းသား ကျောင်းသူများကို လူတော်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးစေလို

 

နေပြည်တော်   ဇွန်   ၂၉


ပြည်ထောင်စုနယ်မြေ   နေပြည်တော်  ပျဉ်းမနား မြို့နယ် တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင် နေကြသည့်  ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ် အခြေခံ ပညာ မူလတန်းလွန်ကျောင်း(ဘောဂဝတီ)၌ ကျင်းပသည်။

 


ကြိုးစားဆောင်ရွက်


ရှေးဦးစွာ    နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တောင်ပေါ်ဒေသများ၌ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမများ၏ အခက်အခဲများကို နားလည်ကိုယ်ချင်းစာပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် တောင်ပေါ်ဒေသ၏ အခက်အခဲများကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင် ရေး စီစဉ်ဆောင်ရွက်ပြီး တောင်ပေါ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့်     ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ဆရာ ဆရာမများ အနေဖြင့် အခက်အခဲများကြားမှ မိမိတို့ တာဝန်ကျရာ တောင်ပေါ်ဒေသရှိ တပည့်ကျောင်းသား ကျောင်းသူ များကို ပညာသင်ကြားပေးရုံသာမက ယဉ်ကျေးလိမ္မာ သော စံပြကျောင်းသား ကျောင်းသူများ ဖြစ်လာစေ ရန်နှင့် ထူးချွန်ထက်မြက်သည့် လူတော်လူကောင်း များဖြစ်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာခံ ကြိုးစား ဆောင်ရွက်ပေးစေလိုကြောင်း  ပြောကြားသည်။

 


ထို့နောက်    နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် က တောင်ပေါ်ဒေသ  ကျေးရွာ အုပ်စု ခုနစ်စုတို့၏ လုံခြုံရေးအတွက် စီမံဆောင်ရွက် သွားမည့်   အခြေအနေများနှင့်  စပ်လျဉ်း၍  ဆရာ ဆရာမများကို အားပေးစကားပြောကြားသည်။

 


စားသောက်ကုန်များ ထောက်ပံ့ပေးအပ်


ယင်းနောက်     နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်   တာဝန်ရှိသူများက တောင်ပေါ်ဒေသ   အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမများ အတွက် စားသောက်ကုန်များကို ထောက်ပံ့ပေးအပ် ရာ ဆရာ ဆရာမများက လက်ခံရယူကြသည်။

 


ထို့နောက် ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသ တွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမ များက ကြုံတွေ့နေရသည့်အခက်အခဲများဖြစ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် တယ်လီဖုန်းလိုင်းများ ကောင်းမွန်စေရေးတို့အတွက် တင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ရေတို၊ ရေရှည်ဆောင်ရွက်ပေး ရမည့် လုပ်ငန်းများအားစိစစ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ပေးမည့်      အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ 

 


ယင်းနောက် နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန   တိုင်းဦးစီးမှူး    ဒေါက်တာသီရိနွယ်က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ကောင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က  ဦးစီးဌာနဘက်မှ  ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်လျာထား ဆောင်ရွက် မည့်    အခြေအနေများကိုလည်းကောင်း    ရှင်းလင်း ဆွေးနွေးသည်။

 


ကျေးဇူးတင်စကား ပြောကြား

ယင်းနောက်    နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က    ဆရာ   ဆရာမများ၏ ကြုံတွေ့နေရသည့်အခက်အခဲများ၊ တင်ပြချက်များ နှင့်ပတ်သက်၍    ပြန်လည်ရှင်းလင်းပြောကြားရာ မြို့နယ်ပညာရေးမှူး  ဦးတင့်ဆန်းက   ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

 


ထို့နောက်     နေပြည်တော်ကောင်စီ      ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တက်ရောက်လာကြ သည့်  ပျဉ်းမနားမြို့နယ်  တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

 


ပျဉ်းမနားမြို့နယ်   တောင်ပေါ်ဒေသ   ကျေးရွာ အုပ်စု ခုနစ်အုပ်စုတွင်  အခြေခံပညာကျောင်း ၄၉ ကျောင်း၊ ကျောင်းသား ကျောင်းသူ ၂၃၀၁ ဦး၊ ဆရာ ဆရာမ ၂၄၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်းစဉ်