
နေပြည်တော် နိုဝင်ဘာ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူတက္ကသိုလ်နှင့် တောင်ငူပညာရေးဒီဂရီ ကောလိပ်တို့၌ အသစ်ခန့်အပ်သော တက္ကသိုလ် နည်းပြ၊ သရုပ်ပြဆရာ ဆရာမသစ်လွင်များ၊ အခြေခံ ပညာ ဆရာ ဆရာမ သစ်လွင်များနှင့် အဆိုပါ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ရှိ ဘွဲ့နှင်း သဘင်ခန်းမနှင့် မြတ်ပညာခန်းမတို့၌ တွေ့ဆုံသည်။
လေ့လာခွင့်ရရှိမည်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့်လည်း ဆရာ ဆရာမ သစ်လွင် များခန့်ထားနိုင်ခြင်းအတွက် များစွာဝမ်းမြောက်ရ ကြောင်းကို ပြောကြားခဲ့ပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်လာသည့် အလျောက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာ ကြရမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စီမံရေးရာကိစ္စရပ်များကို ယခု သင်တန်းတွင် လေ့လာခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်၍ ပါတီနိုင်ငံရေးကင်းရှင်းကြရမည် ဖြစ်ပြီး မည်သည့်အစိုးရတက်တက် နိုင်ငံ့အရေးဖြစ် သော ပညာရေး တိုးတက် အောင် ဆောင်ရွက်ရမည်မှာ ပညာရေးဝန်ထမ်း ဆရာ ဆရာမများပင်ဖြစ်ပါ ကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံတော်အပေါ် သစ္စာရှိကြရမည်ဖြစ်ပါကြောင်း။
ဆရာ ဆရာမဆိုသည်မှာ မိမိကိုယ်ကို ထာဝရ ကျောင်းသားကြီးအဖြစ် သတ်မှတ်၍ အမြဲတမ်းလေ့လာသင်ယူနေကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ကိုယ်တိုင် သေသေချာချာ တတ်ကျွမ်းမှ ကျောင်းသား ကျောင်းသူများကို စာတတ်အောင် သင်ကြားပေးနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတွင်ပညာတတ်များပေါများ အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများမေးသမျှ မှန်မှန် ကန်ကန်ဖြေနိုင်အောင် မိမိတို့ကိုယ်တိုင် တကယ် သိအောင်၊ တကယ်တတ်အောင် လေ့လာ၍ စေတနာ အပြည့်ထားကာ သင်ကြားပေးစေလိုကြောင်း၊ ဆရာ ဆရာမများသည် တာဝန်ကျရာဒေသတွင် တွေ့ကြုံရသည့်တပည့်များကို ဆင်းရဲ ချမ်းသာ ခွဲခြားမှုမရှိဘဲ သင်ယူမှု အခွင့်အလမ်းများ တစ်ပြေးညီ ရရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအား ရိုးသားကြိုးစားပြီး လောကကိုအလှဆင်နိုင်သူ၊ တိုင်းပြည်တိုးတက် အောင် ဆောင်ရွက်နိုင်သူများဖြစ်အောင် ပျိုးထောင် မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
စာများများဖတ်ရန်
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာ ဆရာမများအနေဖြင့် စာများများဖတ်ရန် တိုက်တွန်းပြောကြားပြီး ဆက်လက်၍ ဒုတိယ ဝန်ကြီး ဦးဇော်ဝင်းက ဆရာ ဆရာမအလုပ်သည် အလွန် မွန်မြတ်သောအလုပ်ဖြစ်ကြောင်း၊ အနန္တ ဂိုဏ်းဝင် ဆရာများဖြစ်သည်နှင့်အညီ အဝတ်အစား၊ အပြောအဆို၊ အနေအထိုင်ကို ဆရာ့ ကျင့်ဝတ်နှင့်အညီ ပြုမူကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီ တို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်ညွန့် က တောင်ငူတက္ကသိုလ် ဖွဲ့စည်းပုံကို ရှင်းလင်းတင်ပြ သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အသစ် ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြနှင့် အခြေခံပညာ ဆရာ ဆရာမသစ်လွင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ အခြေခံပညာအထက်တန်းကျောင်း (နတ်စင်ကုန်း)သို့ သွားရောက်၍ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ကြိုတင်ပြင်ဆင်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူ တက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများ၊ ရာထူးတိုးမြှင့်ခန့်ထားခံရ သော ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့်တွေ့ဆုံ၍ ဒီဇင်ဘာလတွင် တက္ကသိုလ် အတန်းများကို အဆင့်လိုက်စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ပါမောက္ခ/ဌာနမှူးများ အနေဖြင့် ကိုယ်ချင်းစာတရားဖြင့် စီမံအုပ်ချုပ်စေလို ကြောင်း၊ အားလုံးသည် ပညာရေးတိုးတက်အောင် ဆောင်ရွက်နေကြသည့် လက်တွဲဖော်ပညာရေး ဝန်ထမ်းများဖြစ်၍ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်စာကြည့်တိုက် စာအုပ်များ၊ ပရိဘောဂများ ပြည့်စုံအောင် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို အမှန်တကယ်အကျိုးရှိ ထိရောက်စွာ သုံးစွဲကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများအား လက်တွေ့ကိုင်တွယ်သုံးစွဲ တတ်အောင် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဆရာ ဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်