
နေပြည်တော် ဩဂုတ် ၂၇
ပြည်တွင်း၌ ဆန်လက်ကျန်နည်းပါးနေကြောင်း လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာအချို့တွင် မဟုတ်မမှန်ထုတ်ပြန်မှုများကြောင့် ဆန်ဈေးနှုန်းများ တည်ငြိမ် မှု မရှိသဖြင့် ပြည်သူများသို့ ပြည်တွင်းဆန်လက်ကျန်အခြေအနေမှန်ကို သိရှိစေရန်အတွက် မီဒီယာများက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ယမန်နှစ် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိခဲ့ပြီး စပါးထွက်ရှိမှုမှာ တင်း သန်းပေါင်း ၁၀၈၈ ရှိ၍ နွေစပါးစိုက်ဧက ၂ သန်း ရှိကာ စပါးတင်း သန်းပေါင်း ၂၁၃ သန်းထွက်ရှိခဲ့သည့် အတွက် စုစုပေါင်းထွက်ရှိမှုမှာ စပါးတင်းသန်းပေါင်း ၁၃၀၁ သန်း၊ ညီမျှဆန်တန် ၁၃ ဒသမ ၀၁ သန်း ဖြစ်ကြောင်း၊ ထွက်ရှိသောစပါးများအပေါ် မျိုး၊ အလေအလွင့် နုတ်ပယ်၍ အသားတင်ပိုလျှံမှုပမာဏ မှာ ဆန်တန် ၁၂ ဒသမ ၂၈၂ သန်းခန့်ဖြစ်ပြီး ပြည်တွင်းရှိ လူဦးရေ ၅၅ သန်း စားသုံးရန်လိုအပ်ချက် မှာ ဆန်တန် ၉ ဒသမ ၄၀၂ သန်းဖြစ်သည့်အတွက် ပြည်ပတင်ပို့နိုင်မှုပမာဏမှာ ၂ ဒသမ ၈၈ သန်း ခန့် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ဩဂုတ်လကုန်အထိ ပြည်ပတင်ပို့နိုင်မှုပမာဏမှာ ဆန်တန် ၁ ဒသမ ၃၃၈ သန်းနှင့် ဆန်ကွဲတန်ချိန် ၀ ဒသမ ၈၀၈ သန်း သာဖြစ်သည့်အတွက် ဩဂုတ်လကုန်တွင် ပြည်တွင်း ၌ လက်ကျန်ဆန်တန်ချိန် ၃ ဒသမ ၆၃၅ သန်း ခန့်ရှိကြောင်း၊ ယင်းလက်ကျန်ဆန်များအပေါ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လစာ ပြည်တွင်းစားသုံးရန် လိုအပ်ချက်ပမာဏမှာဆန်တန် ၃ ဒသမ ၁၃၄ သန်းသာဖြစ်ပြီး စက်တင်ဘာလ ကုန်တွင် ယခုနှစ်မိုးရာသီစိုက်ပျိုးသည့် မိုးစပါးစိုက် ဧက ၁၅ သန်းမှ စတင်ပေါ်ထွက်လာမည်ဖြစ်၍ ဆန်ပြည်ပသို့ ပုံမှန်အတိုင်း ဆက်လက်တင်ပို့ရောင်းချ နိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း စိုးရိမ်စရာမရှိကြောင်း ရှင်းလင်းပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် လယ်ယာ ထွက်ကုန်သီးနှံများအပါအဝင် အခြေခံစားသောက် ကုန်များ ပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်းစားသုံးမှု ပိုလျှံမှသာလျှင် ပြည်ပတင်ပို့ခြင်းအား ခွင့်ပြုပေးပြီး ဆန်ပြည်ပတင်ပို့မှုတွင်လည်း ပြည်တွင်းဖူလုံမှုကို ဦးစားပေးတွက်ချက် ချန်လှပ်ပြီးမှသာလျှင် စိစစ်၍ စနစ်တကျတင်ပို့ခွင့်ပြုလျက်ရှိကြောင်း၊ လက်ရှိ ပြည်တွင်း ဆန်လက်ကျန်အခြေအနေမှာ မိုးစပါးသစ် မထွက်ပေါ်မီအချိန်အထိ ဖူလုံပိုလျှံသည့် ပမာဏ ဖြစ်ပြီး ပြည်တွင်းစားသုံးမှုအတွက် ဆန်လက်ကျန် ဖူလုံမှုရှိကြောင်းနှင့် ပြည်သူများအနေဖြင့် မဟုတ် မမှန် သတင်းများအပေါ် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ် စေရန် အသိပေးဖြေကြားအပ်ပါသည်။