လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားမှ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ပြီး စားရေရိက္ခာလည်း ပေါများနိုင်မည်။ မိမိတို့ နိုင်ငံတွင် သီးနှံမျိုးစုံစိုက်ပျိုးနေသည့် အသားတင်စိုက်ဧရိယာ ဧက ၃၃ ဒသမ ၂ သန်း၏ ၂၀ ရာခိုင်နှုန်းကျော်မှာ ဆည်ရေ သောက်စိုက်ပျိုးဧရိယာများဖြစ်သည်။ ၎င်းဆည်ရေသောက် စိုက်ပျိုးဧရိယာများနှင့်စပ်လျဉ်း၍ “ရေအသုံးချမှုစနစ်တကျ ပြုလုပ်ပြီး ရေသွင်းစိုက်ဧက ၆ သန်းကျော်ကို စပါး၊ ပဲ၊ စပါး/စပါး၊ နေကြာ၊ စပါး/ စပါး၊ နှမ်း၊ စပါး/ စပါးနှင့်တွဲပြီး သီးထပ်နှစ်မျိုး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ သီးနှံများကို သုံးသီးစိုက်ပျိုးသွားနိုင်မည်ဆိုပါက တောင်သူများ၏ လူမှု စီးပွားဘဝသည် များစွာပြောင်းလဲသွားမည်ကို တွေ့မြင်နိုင် ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ဆည်ရေသောက်ဧရိယာများတွင်       စိုက်ကွင်းများဆီသို့ ဆည်ရေပေးသွင်းရယူကြရာ၌     စနစ်တကျ   မျှမျှတတရရှိရေး၊ ရေအလေအလွင့်လျော့နည်းစေရေး၊ စိုက်ပျိုးရေနှင့် စပ်လျဉ်း သည့်    ပဋိပက္ခများ  ကင်းဝေးစေရေး  စသည့်ကောင်းကျိုး ရလဒ်များရရှိနိုင်စေရန် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG)၊  ရေအသုံးချသူများအသင်း  (Water User  Association-WUA) တို့ကို  ဖွဲ့စည်းကာ ဆည်ရေစီမံခန့်ခွဲမှုတွင် ဌာနဆိုင်ရာများနှင့်အတူ    တောင်သူများ    ပါဝင်ဆောင်ရွက် သည့်    “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်” ကို တည်ထောင် အကောင်အထည်ဖော်လျက်ရှိပြီဖြစ်သည်။  ရေအသုံးချသူ များအဖွဲ့ (WUG)၊  ရေအသုံးချသူများအသင်း   (WUA)  တို့ကို  ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြ သည့် တောင်သူများဖြင့်ဖွဲ့စည်းကာ  ဆည်ရေကို  စနစ်တကျ  စီမံခန့်ခွဲခြင်းနှင့်အတူ  ညှိနှိုင်းတိုင်ပင်လုပ်ကိုင်ခြင်း၊ တစ်ကွင်း တည်း တစ်စပ်တည်း သီးနှံပုံစံတူစိုက်ပျိုးနိုင်ပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း ရိတ်သိမ်းနိုင်ခြင်း၊ သီးထပ်ကို  နှစ်သီးမှ သုံးသီး အထိ    စိုက်ပျိုးနိုင်ခြင်းတို့ကြောင့်   စိုက်ပျိုးကုန်ထုတ်တိုးမှုနှင့် အတူ တောင်သူတို့၏ လူမှုစီးပွားဘဝများလည်း ပိုမိုမြင့်မား လာမည်ဖြစ်သည်။
“ပူးပေါင်းပါဝင်  ဆည်မြောင်းစနစ်” သည် သက်ဆိုင်ရာ ဌာနနှင့် တောင်သူများ ဟန်ချက်ညီညီ ကိုယ်စီတာဝန်များဖြင့် အတူတကွ    ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။    ပူးပေါင်း ဆောင်ရွက်သည့် အလေ့အကျင့်သည် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အခက်အခဲများတွေ့ကြုံပါကလည်း အတူတကွ ရင်ဆိုင်ဖြေရှင်းနိုင်ကြမည်ဖြစ်သည်။   တစ်ဆက်တည်းမှာပင်    စိုက်ပျိုးရေးအတွက် အဖိုးတန်ရေကို အလေအလွင့်အနည်း ဆုံးဖြစ်အောင် ထိန်းသိမ်းခြင်း၊ ဆည်ရေပေးရေးစနစ်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းများတွင်လည်း        စုပေါင်းအားဖြင့်   ဝိုင်းဝန်းဆောင်ရွက်နိုင်မည်ဖြစ်သည်။       ဆည်ရေသောက် စိုက်ဧကများတွင်    ရေကိုစနစ်တကျအသုံးချကာ  ဒေသနှင့် ကိုက်ညီသည့် စီးပွားရေးတွက်ခြေကိုက်မည့် စပါး-ပဲ-စပါး၊ စပါး-နေကြာ-စပါး၊ စပါး-နှမ်း-စပါး စသည်ဖြင့် နှစ်သက်ရာ သီးနှံပုံစံများကိုရွေးချယ်၍  သီးထပ်သုံးသီး စိုက်ပျိုးကြကာ ပဒေသာ မြေမှာပေါက်နိုင်ကြပါစေကြောင်း။      ။
 
      


