
နေပြည်တော် မတ် ၁၁
နိုင်ငံတော် ဆန့်ကျင်ရေးဆောင်ရွက်နေကြသည့် ဆူပူဆန္ဒပြသူ လူစုလူဝေးများသည် မိမိတို့ လုပ်ဆောင်နေမှုများမှာ မည်သည့်အတွက် လုပ်ဆောင်နေကြသည်၊ မည်သည့်ရည်ရွယ်ချက် ဖြင့် လုပ်ဆောင်နေကြသည်ကို ကွဲကွဲပြားပြား မသိရှိကြဘဲ လူငယ်ထုလမ်းပေါ် ရောက်ရှိစေရေး၊ နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရေး၊ ဆူပူလှုပ်ရှားမှု များကို နေ့စဉ်မဖြစ်မနေ၊ မဖြစ်ဖြစ်အောင် လုပ်ဆောင်ရန်အတွက်ကိုသာ ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆူပူဆန္ဒပြသူ လူစုလူဝေးများအနေဖြင့် သာမန်ဆန္ဒပြသည့်အဆင့်မှ အကြမ်းဖက်ဖျက်ဆီး မှု၊ ရဲစခန်းများအား ဝင်ရောက်ဖျက်ဆီးရန် ကြံစည်မှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက် များကို အကြမ်းဖက်လုယူရန် ကြိုးပမ်းမှုများဖြင့် အကြမ်းဖက်အဖွဲ့အစည်း၏ လှုပ်ရှားမှုပုံသဏ္ဌာန် ကဲ့သို့ ဖြစ်လာနေသည်ကို တွေ့ရှိရသည်။
နိုင်ငံအတွင်း ဆူပူဆန္ဒပြဆောင်ရွက်သူ လူစု လူဝေးများအနေဖြင့် နေပြည်တော်တွင် သာဝတ္ထိ မြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကော့မှူး၊ ကွမ်းခြံ ကုန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ တွံတေး၊ လှိုင်သာယာ၊ အင်းစိန်၊ သာကေတ၊ လှိုင်၊ ရန်ကင်း၊ မရမ်းကုန်းနှင့် တာမွေမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် ပလိပ်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ကူမဲ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် မလှိုင်မြို့နယ်၊ မကွေး တိုင်းဒေသကြီးတွင် မြိုင်၊ သရက်၊ ကျောက်ထု၊ ပခုက္ကူ၊ အောင်လံ၊ မကွေးနှင့် ရေစကြိုမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဦး၊ ခင်ဦး၊ ကျွန်းလှ၊ ဝက်လက်၊ မြောင်၊ ကောလင်း၊ တန့်ဆည်၊ ကန့်ဘလူ နှင့် အုတ်သျှစ်ကန်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးနှင့် ရွှေကျင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်နှင့် ဟင်္သာတမြို့နယ်၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ထားဝယ်မြို့နယ်၊ ကချင်ပြည်နယ်တွင် မြစ်ကြီးနားနှင့် မိုးညှင်းမြို့နယ်၊ ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ကရင်ပြည်နယ်တွင် ဘုရား သုံးဆူမြို့နယ်၊ ချင်းပြည်နယ်တွင် မတူပီ၊ မင်းတပ်နှင့် ဟားခါးမြို့နယ်၊ မွန်ပြည်နယ်တွင် ကျိုက်မရောမြို့၊ ရှမ်းပြည်နယ်တွင် တောင်ကြီး၊ ဖယ်ခုံ၊ ရွှေညောင်၊ အောင်ပန်းနှင့် မူဆယ်မြို့နှင့် အစရှိသောနေရာ ဒေသများတွင် လူစုလူဝေးများ ဖြစ်ပွားခဲ့၍ ဖြိုခွဲထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပြီး အမျိုးသား ၁၅၅ ဦး၊ အမျိုးသမီး ၂၅ ဦး၊ စုစုပေါင်း ၁၈၀ တို့ကို ဖမ်းဆီး ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့နှင့် ထိပ်တိုက်တွေ့ဆုံနေကြသည့် ဆူပူအကြမ်းဖက် သူ လူစုလူဝေး၏ ဆောင်ရွက်မှုပုံသဏ္ဌာန်အပေါ် မူတည်၍ မလွှဲမရှောင်သာဆောင်ရွက်မှုများအရ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းများ ကြုံတွေ့ နေရမည်ဖြစ်သည်။ ကြိုးကိုင်ခြယ်လှယ်လျက် ရှိသော ဦးဆောင်သူများအနေဖြင့် အန္တရာယ် ကင်းဝေးသည့် ပုန်းခိုရာနေရာများမှ အမိန့်ပေး ဆောင်ရွက်နေရာတွင် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုဖြစ်စဉ် ဖြစ်ရသူများ၏ မိဘဆွေမျိုးများ အနေဖြင့် စိတ်မကောင်းကြေကွဲမှု ဖြစ်ရသည့် အခြေအနေသာ တွေ့ကြုံနေရမည်ဖြစ်သဖြင့် မိဘဆွေမျိုးများအနေဖြင့် ရပ်ရွာအတွင်း တတ်အားသရွေ့ ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ် ကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်