
နေပြည်တော် မတ် ၂၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲထားသည့် ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အများပြည်သူထံသဘောထားရယူ ဆွေးနွေးသည့် အလုပ်ရုံဆွေးနွေး ပွဲကို ယနေ့နံနက် ၉ နာရီက ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ရွှေနန်းတော်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ တက်ရောက်ကြသည်။
ဝိုင်းဝန်းဆွေးနွေးအကြံပြု
ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က အမှာစကား ပြောကြားရာတွင် ဆန်စပါး နယ်ပယ်တွင် စိုက်ပျိုးထုတ်လုပ် သူ တောင်သူများသာမက စပါး ဝယ်ယူသူပွဲစားများ၊ စက်ပိုင်များ၊ ကုန်သည်များနှင့် ပြည်ပတင်ပို့ သည့် လုပ်ငန်းရှင်များအထိအလွှာ မျိုးစုံပါဝင်နေသဖြင့် ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်မှသာ ဆန်စပါး ကဏ္ဍ တိုးတက်ပြီး နိုင်ငံ့စီးပွား မြှင့်တင်မှုကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ ဆန်စပါး ဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေး ပွဲကို တက်ရောက်လာကြသည့် အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လက်တွေ့တွင် အမှန်တကယ် အသုံးပြုနိုင်သည့် ဥပဒေကောင်း တစ်ရပ်ဖြစ်ရန်အတွက် အားလုံး က ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးစေလိုပါ ကြောင်း ပြောကြားခဲ့သည်။
ထိန်းကျောင်းဆောင်ရွက်ပေး
ဆက်လက်၍ စားသုံးသူ ရေးရာဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ချိုက ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စက် မှတ်ပုံတင်ခြင်းမှအစ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲ ထုတ်လုပ်ခြင်း၊ ပြည်တွင်းဖြန့်ဖြူး ခြင်း၊ ပြည်ပတင်ပို့ခြင်းလုပ်ငန်း စဉ်များနှင့် လိုအပ်သည့် အခြေခံ အဆောက်အဦများကို လည်း နိုင်ငံတော်အစီအစဉ်ဖြင့် ယခင်က မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးက တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်မှစတင်၍ ဆန်စပါးမူဝါဒသစ် အရ ပုဂ္ဂလိက အဖွဲ့အစည်းများသို့ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးအပ်ပြီး ကာလ နောက်ပိုင်းမှစ၍ ယခင် ရှိပြီးသား ဆန်စက်၊ သိုလှောင်ရုံ များကို ပုဂ္ဂလိကအဖွဲ့အစည်းများ သို့ လွှဲပြောင်းပေးခဲ့ပြီး Regula-tory Role အရ လက်ရှိ စားသုံးသူ ရေးရာဦးစီးဌာနက လိုအပ်သလို ထိန်းကျောင်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
အခြေခံကျသည့် ဥပဒေတစ်ရပ်
ဝန်ကြီးဌာန၏ တာဝန်ပေး အပ်ချက်အရ စားသုံးသူရေးရာ ဦးစီးဌာနအနေနှင့် အခန်းအားဖြင့် ၁၀ ခန်း၊ အဆိုပြုပြဋ္ဌာန်းချက်ပုဒ်မ ၅၁ ခု ပါဝင်သည့် ဆန်စပါးဥပဒေ (မူကြမ်း)ကို ရေးဆွဲပြုစုထားရှိပြီး ဖြစ်ပါကြောင်း၊ ဥပဒေမူကြမ်း သည် အနှစ်သာရအားဖြင့် နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ အကျိုး စီးပွားတစ်ရပ်လုံးကို မြှင့်တင် ဆောင်ရွက်နိုင်ရန် အတွက် အခြေခံကျသည့် ဥပဒေတစ်ရပ် ဖြစ်ပါကြောင်း၊ ယခုဥပဒေကို ပြဋ္ဌာန်းပြီး၍ ဥပဒေကို အကောင် အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် နိုင်ငံတော်တစ်ခုတည်း က ဆောင်ရွက်ရမည်မဟုတ်ဘဲ ဆန်စပါးကဏ္ဍနှင့် ဆက်စပ်သည့် အကျုံးဝင်သူများ အားလုံးဘက် ကလည်း ဖော်ဆောင်ပေးရန် လိုပါကြောင်း၊ ဥပဒေ(မူကြမ်း)ပါ ပြဋ္ဌာန်းချက်များ၏ အဓိက ရည်မှန်းချက်ဖြစ်သည့် ပြည်တွင်း ၌ စားသုံးမှု ဖူလုံစေရေးနှင့် ဆန်စပါး ပြည်ပတင်ပို့မှု ဖွံ့ဖြိုးရေး ကို အဓိကထား ဆောင်ရွက်ရင်း ဆန်စပါးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင် မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင် ရွက်သည့်အခါတွင် နှောင့်နှေး ကြန့်ကြာမှု မရှိစေရေးအတွက် ယခုဥပဒေအောက်ကနေ ပြိုင်တူ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် ဖွံ့ဖြိုးမှုပန်းတိုင်ကို အချိန်တို အတွင်း ရောက်ရှိနိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
အကြံပြုမေးမြန်းဆွေးနွေး
ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်ဝင်း အောင်က ဥပဒေ (မူကြမ်း) ပါ အချက်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များ ကို အကြံပြုမေးမြန်း ဆွေးနွေး ကြရာ စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေး ဖြေကြားပေးခဲ့ပြီး ဖော်ထုတ်ချက်များ ဆက်လက် ဖော်ထုတ်၍ သက်ဆိုင်ရာများသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရ သည်။
ဟိန်းသူအောင်(ပြန်/ဆက်)