
မိုဂါဒစ်ရှူး ဧပြီ ၁၂
ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရ သည့် ဆိုမာလီယာနိုင်ငံ၌ ပဋိပက္ခဖြစ်ပွားမှုများကာကွယ်ပေးရန်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်သည်ဟု အလှူရှင်နိုင်ငံများကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် ဆိုမာလီယာနိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ်သွားရောက်နေခြင်းဖြစ်သည်။ ဧပြီ ၁၁ ရက်က ဆိုမာလီနိုင်ငံသို့ ရုတ်တရက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ကပ်ဘေးမှ ရှောင်ရှားနိုင် ရေးအတွက် အကူအညီများ အရေးပေါ်လိုအပ်သည်ဟု ၎င်းကပြောသည်။ ဧပြီလမှ ဇွန်လအတွင်း ဆိုမာလီ ၆ ဒသမ ၅ သန်းမှာ စားနပ်ရိက္ခာမဖူလုံမှုနှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်မှာ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု သတင်းထောက် များနှင့် တွေ့ဆုံစဉ် အန်တိုနီယို ဂူတာရက်စ် က ပြောသည်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် မိုးခေါင်မှုနှင့် ငါးနှစ်ဆက်တိုက် ကြုံတွေ့နေရသည့် ဆိုမာလီယာနိုင်ငံတွင် လက်ရှိအခြေအနေမှာ စိုးရိမ်စရာပင်ဖြစ်သည်။ ပျက်စီးမှုကြီးမားသည့် မိုးခေါင်မှုကြောင့် ၂၀၂၂ ခုနှစ် တစ်နှစ်တည်းတွင်ပင် အသက်ပေါင်း ၄၃၀၀၀ ဆုံးရှုံးခဲ့ရသည်။ ဆိုမာလီ နိုင်ငံသား ၁ ဒသမ ၄ သန်းမှာ နေရပ်စွန့်ခွာခဲ့ ရသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်ရသူများထဲ တွင် ကလေးနှင့် အမျိုးသမီးမှာ ၈၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။
အစားအသောက်ဈေးနှုန်းများ ကြီးမြင့်လာခြင်း သည် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုကို ဖြစ်ပေါ်စေပြီး မိုးခေါင်မှုကြောင့် ဆင်းရဲမှုနှင့်ထိခိုက် ခံစားနေရသည့်ပြည်သူများမှာ ငတ်မွတ်မှုကပ်ဘေး သို့ ရောက်လုနီးနီးဖြစ်လာသည်။ လူပေါင်း ၈ ဒသမ ၂၅ သန်းမှာ ရာသီဥတုဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ် နေပြီး အလှူရှင်များက အကူအညီပေးကြရန်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တို နီယို ဂူတာရက်စ် က ပြောကြားခဲ့သည်။
ဆင်ဟွာ