
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
===========================================
နေပြည်တော် အောက်တိုဘာ ၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
ချိတ်ဆက်တက်ရောက်
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနနှင့် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟို ဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ Chief Information Officer များ၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့မှ ဒုတိယပါမောက္ခ ချုပ်များ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဆက်သွယ်ရေး အော်ပရေတာနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သက်ဆိုင်ရာ နေရာများမှ အွန်လိုင်းမှ ချိတ်ဆက်တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ဆိုက်ဘာလုံခြုံရေး သည် ကွန်ပျူတာ၊ အင်တာနက်သုံးစွဲနေကြသူများအတွက် အရေးကြီးသည်ကို အားလုံးသိရှိမည်ဖြစ်ကြောင်း၊ သတင်း အချက်အလက်လုံခြုံရန် မိမိတို့သုံးစွဲနေသည့် Hardware, Software များ မပျက်စီးရန်နှင့် လုပ်ငန်းယန္တရားများ ထိခိုက်ပျက်ယွင်းမသွားစေရန် ဌာနအားလုံးအတွက် အရေး ကြီးကြောင်း၊ ICT နည်းပညာထွန်းကား ပေါ်ပေါက်လာ ခြင်းနှင့်အတူ သတင်း မီဒီယာပုံစံအသစ်များ အလျင်အမြန် ပေါ်ထွက်လာကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သုံးစွဲနေသည့်မီဒီယာများကို ခေတ်မီနည်းပညာအသစ် များနှင့်အညီ ပြုပြင်ပြောင်းလဲရန်နှင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ယခုနှစ် ပိုင်းထဲတွင် သတင်းမီဒီယာဆိုင်ရာ နည်းပညာအသစ်များ နှင့်စပ်လျဉ်းသည့် လေ့လာမှု၊ ဆွေးနွေးမှု၊ အသိပညာ ဗဟုသုတ ဖလှယ်မှုများကို ဌာနအတွင်း များစွာလုပ်လာရ ကြောင်း၊ မိမိတို့သည် သတင်းအလုပ်နှင့်ပတ်သက်၍ အတွေ့အကြုံရှိသော်လည်း နည်းပညာအသစ်နှင့်ပတ်သက် လျှင် သိနားလည်မှုအားနည်းသည့်အတွက် တတ်သိကျွမ်း ကျင်သူများကို ဖိတ်ကြားပြီး ယခုကဲ့သို့ ဟောပြောပွဲများကို မကြာခဏ ပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယှဉ်ပြိုင်စေခဲ့
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်း စောလင်းထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်စဉ် များစွာရှိပြီး ယင်းတိုက်ခိုက်မှုများကြောင့် အရေးကြီးသည့် သတင်းအချက်အလက်များ ခိုးယူဖျက်ဆီးခံရမှု၊ ခိုးယူဖျက် ဆီးခံရသည့် အချက်အလက်များကို ဆိုက်ဘာတိုက်ခိုက်သူ များက ရောင်းချခြင်း၊ ထုတ်ဖော်ဖွင့်ဟခြင်းများ ပြုလုပ်ခြင်း ကြောင့် တိုက်ခိုက်ခံရသည့်အဖွဲ့အစည်းများသည် ဂုဏ် သတင်းကျဆင်းခြင်း၊ လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြားခြင်းနှင့် အခြားသော ဆုံးရှုံးနစ်နာမှုများဖြစ်ပွား လျက်ရှိမှု၊ မိမိတို့နိုင်ငံတွင်လည်း အစိုးရဝန်ကြီးဌာနများ အပါအဝင် ပုဂ္ဂလိကကုမ္ပဏီများ၏ website များ၊ Online shopping website များ နှစ်စဉ်တိုက်ခိုက်ခံရမှု၊ ကမ္ဘာ တစ်ဝန်း ဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းအသုံးပြုပြီး ရုံးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်း များ၊ စီးပွားရေးလုပ်ငန်းများ၊ COVID-19 ဆိုင်ရာ အသိပညာ ပေးသတင်းများ ထုတ်ပြန်ခြင်းတို့ကို တွင်ကျယ်စွာ ဆောင်ရွက်နေသည့်အချိန်တွင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက်ဘာအလွဲသုံးစားမှုများလည်း တစ်နေ့တခြား ပိုမို များပြားလာမှု၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန်နှင့် လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပြန့်ပွားရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက် မွေးဝမ်းကျောင်းအခွင့်အလမ်း တိုးတက်လာစေရန် ရည်ရွယ် ၍ Myanmar Cyber Security Challenge ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပပေးကာ ဆုရရှိသူများကို နိုင်ငံ တကာတွင် ကျင်းပနေသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့မှုနှင့် နောင်တွင် ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ အကြား၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စများနှင့် ပတ်သက် ၍ ပိုမိုထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ဆိုက်ဘာလုံခြုံရေးမူဝါဒ နှင့် ဥပဒေမူဘောင် ရေးဆွဲဆောင်ရွက်နေမှုအခြေအနေ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး အညွှန်းကိန်းမြင့်တက်ရေးအတွက် အစိုးရဌာနများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု၊ နိုင်ငံ အတွင်း ဆက်သွယ်ရေးကဏ္ဍ တိုးတက်ပြောင်းလဲလာမှု နှင့် မြန်မာနိုင်ငံ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒနှင့် ဥပဒေ ရေးဆွဲနေမှုအခြေအနေများကို ဟောပြောဆွေးနွေးသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးရန်နောင်စိုးက အစိုးရအဖွဲ့အစည်းအတွင်း ဆိုက်ဘာလုံခြုံရေး၏ အခန်း ကဏ္ဍခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် အစိုးရဌာန များရှိ e-Government ဌာနများတွင် ဆိုက်ဘာလုံခြုံရေးအဖွဲ့ ထည့်သွင်းဖွဲ့စည်းရန် လိုအပ်မှု၊ ဆိုက်ဘာလုံခြုံရေး စိန်ခေါ် မှုများကို အစိုးရဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာ များ၊ ISC များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို ဟောပြောဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ထိုက်က ကမ္ဘာတစ်ဝန်း ဆိုက်ဘာတိုက်ခိုက်မှု များနှင့်ပတ်သက်သည့် PlugX RAT, CobaltStrike and Mustang Panda ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာ၌ အဆင့်မြင့်ဟက်ကာအဖွဲ့ (APT) ၏ အဓိပ္ပာယ်၊ APT များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် နောက်ခံသမိုင်းကြောင်း၊ မြန်မာနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အဆင့်မြင့် ဟက်ကာအဖွဲ့တစ်ခုဖြစ်သော Mustang Panda အဖွဲ့၏ သမိုင်းကြောင်းနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော ဆိုက်ဘာ တိုက်ခိုက်မှုများ၊ Mustang Panda အဖွဲ့က ဆိုက်ဘာတိုက် ခိုက်ရာတွင် အသုံးပြုသော PlugX နှင့် CobaltStrike တိုက် ခိုက်ခံရမှုများတွင် သတင်းအချက်အလက်နှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနမှ တုံ့ပြန်ဆောင်ရွက်ခဲ့မှု၊ တိုက်ခိုက်မှုမှ လေ့လာသင်ယူရရှိခဲ့သော သင်ခန်းစာများကို ဟောပြော ဆွေးနွေးသည်။
ဆက်လက်၍ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန မှ ဦးစီးအရာရှိ ဒေါ်ခင်မဉ္ဇူက မြန်မာနိုင်ငံတွင် တိုက်ခိုက် ခံရလေ့ရှိသည့် Ransomware တိုက်ခိုက်မှုကို လေ့လာခြင်း နှင့် တိုက်ခိုက်မှုမခံရစေရန် ကာကွယ်ရန်နည်းလမ်းများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစီးအရာရှိ ဦးဇော်မျိုးဦးက SIEM Platform အသုံးပြုပုံမိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သင်းနန္ဒာအောင်က Email လုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေးမိတ်ဆက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်အေးမြတ်သန္တာ က ကွန်ပျူတာတစ်လုံးချင်းကို ဆိုက်ဘာတိုက်ခိုက်ခံရမှု နည်းပါးစေရန် ဆောင်ရွက်ရန် နည်းလမ်းများကို ချဉ်းကပ် လေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးကြသည်။
ဟောပြောမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တက်ရောက်သူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်