ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာနှင့်ထိုင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပ

 

ရန်ကုန်  မေ   ၁၁
(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့်   မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏   ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို  မေ ၁၁ ရက်က Hotel Pheom Phen တွင် ကျင်းပရာ မြန်မာနှင့် ထိုင်းအသင်းတို့မှ နည်းပြချုပ်နှင့် အသင်း ခေါင်းဆောင်များ တက်ရောက်သည်။
မြန်မာ့လက်ရွေးစင်    အမျိုးသမီး အသင်းနည်းပြချုပ် ယုကီက “အုပ်စုအဆင့် မှာ ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်လာ ရပြီး အခုလို‌နောက်တစ်ဆင့် တက်ရောက် လာခဲ့တာပါ။  ထိုင်းက  တောင့်တင်းတဲ့ အသင်းကောင်း      တစ်သင်းဖြစ်ပြီး အင်အားကြီးပါတယ်။    ပြိုင်ဘက်ကို လေးလေးစားစားနဲ့  ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အကောင်းဆုံးပြင်ဆင်သွားပါမယ်” ဟု ပြောကြားသည်။ ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် နာရူဖွန်က “ထိုင်းအသင်းအနေနဲ့ အုပ်စုအဆင့်ကို အကောင်းဆုံး  ကျော်ဖြတ်နိုင်ခဲ့ပြီး ဆီမီး ဖိုင်နယ်မှာ မြန်မာအသင်းနဲ့ တွေ့ရမှာပါ။ အခုပြိုင်ပွဲမှာတော့ ဂျပန်လူမျိုးနည်းပြချုပ် အသစ်နဲ့ လာပြိုင်တာကို တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို   မေ   ၁၂ ရက် (ယနေ့)  မြန်မာစံတော်ချိန်   ညနေ ၆ နာရီခွဲတွင်  တစ်ချိန်တည်းကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းနှင့်  ထိုင်းအသင်း၊ လက်ရှိချန်ပီယံ     ဗီယက်နမ်အသင်းနှင့် အိမ်ရှင်  ကမ္ဘောဒီးယားအသင်း  ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။              ရဲရင့်လွင်
ဓာတ်ပုံ - MFF