
ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အုပ်စု (B) မှ စပိန်အသင်းနှင့် ဆွီဒင်အသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက စပိန်အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်ခဲ့သည်။ စပိန်အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် လူစားဝင် ကစားသမား မိုရာတာက သွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် စပိန်အသင်းသည် သရေ တစ်မှတ်ရလျှင်ပင် ခြေစစ်ပွဲတိုက်ရိုက် အောင်မြင် မည်ဖြစ်ပြီး ပြိုင်ဘက် ဆွီဒင်အသင်းက အနိုင် ရရှိမှာသာ နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်သည့်အတွက် ပွဲမှာ အပြန်အလှန် ထိုးဖောက် မှုများဖြင့် အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။
ဆွီဒင်အသင်းသည် စပိန်အသင်းဘက်သို့ ဂိုးကန်သွင်းမှု ရှစ်ကြိမ်တွင် ဂိုးပေါက်တည့်မတ်မှုမရှိခဲ့သော်လည်း စပိန်အသင်းက ဂိုးကန်သွင်းမှု ၁၂ ကြိမ်တွင် ဂိုးပေါက် တည့်မတ်မှု လေးကြိမ်အထိ ရှိခဲ့သည်။
စပိန်အသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သို့ ၁၂ နှစ်ဆက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း လည်း ဖြစ်သည်။ ဆွီဒင်အသင်းသည် စပိန်အသင်းကို ရှုံးနိမ့်ကာ ခြေစစ်ပွဲ တိုက်ရိုက်မအောင်မြင်သော်လည်း မတ်လတွင် Play-Offs ကစားကာ ခြေစစ်ပွဲအောင်မြင် ရန် အခွင့်အရေးရှိနေသေးသည်။ စပိန်အသင်းသည် ယခုပွဲစဉ်တွင် ဆိုင်မွန်၊ အယ်ဘာ၊ လာပေါ်တေး၊ ဘတ်ကွက်စ်၊ ဆာရာဘီယာ၊ အိုလ်မိုစသည့် အားထား ရသည့် ကစားသမားအများစုဖြင့် ဆွီဒင်အသင်းကို ရင်ဆိုင်လာခဲ့ပြီး ဆွီဒင်အသင်းကလည်း အိုလ်ဆင်၊ လင်ဒီလော့ဖ်၊ အီဆတ်၊ ကလူဆက်စကီး စသည့် အဓိကကစားသမားအများစုဖြင့် စပိန်အသင်းကို ရင်ဆိုင်လာခဲ့သည်။
ယခုပွဲစဉ်တွင် ပွဲချိန်အများစုကို စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဆွီဒင်အသင်းကို ထိန်းချုပ် ကစားနိုင်ခဲ့သည်။ စပိန်ကစားသမားများ၏ ထိုးဖောက် တိုက်စစ်ဆင်မှုများ၊ ဂိုးကန်သွင်းမှုများကို လင်ဒီလော့ဖ် ဦးဆောင်သည့် ဆွီဒင်အသင်း၏ ခံစစ်နှင့် ဂိုးသမား အိုလ်ဆင်တို့ ဟန့်တားကာကွယ် ထားနိုင်မှုတို့ကြောင့် ပွဲချိန် ၈၅ မိနစ်ကျော်သည်အထိ ဂိုးမရှိ သရေကျနေ ခဲ့သည်။ ပွဲချိန် ၈၆ မိနစ်တွင် စပိန်အသင်း ဂိုးရရှိခဲ့ပြီး အိုလ်မို၏ ဖန်တီးမှုမှ လူစားဝင်ကစားသမား မိုရာတာ က သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ပွဲချိန်ပြည့်သည် အထိ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိ သောကြောင့် စပိန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အခြားသော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နာမည် ကြီး ပေါ်တူဂီအသင်းနှင့် ဆားဘီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဆားဘီးယားအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့သည်။ ယခုပွဲစဉ်တွင် ပေါ်တူဂီ အသင်းသည် ပွဲအစ နှစ်မိနစ်တွင် ဆန်းချက်ဇ်၏ဂိုးဖြင့် ပြိုင်ဘက်ကို ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၃၃ မိနစ်နှင့် မိနစ် ၉၀ တို့တွင် တာဒစ်နှင့် မီထရိုဗစ်တို့၏ သွင်းဂိုးများကြောင့် ဆားဘီးယားအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ခွင့်နှင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။ ပေါ်တူဂီ အသင်းသည် ခြေစစ်ပွဲတိုက်ရိုက် မအောင်မြင်သော် လည်း မတ်လတွင် Play-Offs ကစားကာ ခြေစစ်ပွဲ အောင်မြင်ရန် အခွင့်အရေးရှိနေသေးသည်။ အောင်ဇော်