
နေပြည်တော် နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက် ဧကလေးသိန်းကို အပြည့်အဝ ဆီသီးခိုင်ထွက်ရှိရန် အပင်အိုများ နေရာတွင် အထွက်နှုန်းမြင့်မားသော မျိုးကောင်းမျိုးသန့်များ ပြန်လည်အစားထိုး စိုက်ပျိုးရေးနှင့် အခြေအနေ ပေးသည့် နေရာဒေသများတွင် တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုဝင်ဘာ ၁၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ဖြည့်ဆည်းပေးနိုင်မည်
တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ဧက လေးသိန်းကျော်ရှိပြီး သက်တမ်းကျော်လွန်သော ဆီအုန်းစိုက်ဧရိယာများ တိုးပွားလျက်ရှိရာ လက်ရှိ တွင် ဧက (၁၅၀၀၀၀)ကျော်သာ ဆီသီးခိုင်ထွက်ရှိ နေမှုကြောင့် ဆီထွက်နှုန်းမြင့်မားသည့် ပျိုးပင်များနှင့် လဲလှယ် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးလျက်ရှိ ကြောင်း၊ အရွယ်ရောက်ပြီး ဆီအုန်းစိုက်ခင်း တစ်ဧက လျှင် ပျမ်းမျှ ဆီသီးခိုင် (၄)တန်ခန့်ရရှိပြီး ဆီသီးခိုင် တစ်တန်မှ ဆီကြမ်း(၀ ဒသမ ၂၂)တန်ထွက်ရှိသဖြင့် စိုက်ဧကလေးသိန်းအပြည့် သီးခိုင်ထုတ်ယူနိုင်ပါက ဆီကြမ်းတန်ချိန်(၃၅၀၀၀၀)ကျော် ထုတ်လုပ်နိုင် မည်ဖြစ်၍ ပြည်တွင်း စားအုန်းဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့နယ် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းနှင့် ဆီကြမ်းစက်ရုံကို လည်းကောင်း၊ ကော့သောင်းခရိုင် ကရသူရိမြို့ရှိ ပိုကောင်းကုမ္ပဏီ ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းကိုလည်းကောင်း၊ ယုဇနကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းနှင့် ဆီကြမ်းစက်ရုံကိုလည်းကောင်း ကြည့်ရှုကြပြီး ယုဇနကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း ရှင်းလင်းဆောင်တွင် တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြရာ ဆီအုန်းလုပ်ငန်းရှင်များ က ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက် ဆောင် ရွက်မည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြ ကြသည်။
ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲ
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆီအုန်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု နည်းပညာ နှင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားလာစေရန် လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်လိုကြောင်း၊ လုပ်ကွက်ငယ် တောင်သူများကို အားပေးပူးပေါင်းဆောင်ရွက် ခြင်းဖြင့် တစ်ဦးတစ်ယောက်မျှ မကျန်စေဘဲ အားလုံး ပါဝင်ပြီး ရေရှည်တည်တံ့သော လုပ်ငန်းများဖြစ်စေ ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှု တစ်စုတစ်စည်းတည်းရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့်သက်ဆိုင် သည့် အသင်းအဖွဲ့အဖြစ် တည်ထောင်သွားရန်နှင့် ဆီအုန်းစိုက်ပျိုးရေးသာမက ဆီကြမ်းနှင့် ဆီချော စက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းသင့် ပါကြောင်း၊ ထွက်ကုန်များ ဈေးကွက်ဝင်ဆံ့နိုင်မှု သည် ထုတ်လုပ်မှုအရည်အသွေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှုအပေါ်တွင်သာမက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်မှုများအပေါ် တွင်ပါ တည်မှီနေသည်ကို ဂရုပြုကြစေလိုကြောင်း ပြောကြားသည်။
ဥပဒေနှင့်အညီ မြေယာအသုံးပြု
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဗိုလ်မှူးကြီးသိန်းလင်းနှင့် ဦးမောင်ကြီး တို့က စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒေသဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်ချက်များနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေယာအသုံးပြုမှုတွင် အမှန် တကယ် အသုံးချမှုမရှိဘဲ မြေကို လက်ဦးရယူခြင်းများ ကင်းရှင်းရေးဆောင်ရွက်နေမှု၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ရန် လိုအပ်ပါက မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ ဥပဒေနှင့်အညီ မြေယာအသုံးပြု ခွင့်များ ဆောင်ရွက်ပေးနေမှု၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် သတ်မှတ်ခွင့်ပြုချက်များနှင့်အညီ အတည်တကျ သီးနှံများ စိုက်ပျိုးပြီးစီးသည့်အချိန် တွင် လယ်ယာမြေများအဖြစ်ပြောင်းလဲရေး စသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်ဆိုင်ရာ စည်းကမ်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်