အမရပူရ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဇွန် ၃၀ ရက်က အမရပူရမြို့နယ် ဆောင်းဒါးရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက အမှာစကား ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူနှင့် သင်တန်းသူများ အား ဆုများချီးမြှင့်ပေးအပ်သည်။
ထို့နောက် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေး ပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်က သင်တန်းပြီးမြောက် အောင်မြင် အောင် တက်ရောက်ခဲ့ကြသော သင်တန်းသူများအား သင်တန်းဆင်းလက်များပေးအပ်ပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ သင်တန်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့ လက်တွေ့ နှစ်မျိုးဖြင့် တစ်လကြာ အခမဲ့ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်



