
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မိမိတို့ဌာန အနေဖြင့် နည်းပညာတိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ်စေရေးအတွက် Human Resource စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို စဉ်ဆက်မပြတ် ကြိုးစားလေ့လာ ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်တန်ဖိုး မြင့်မားလာမည် ဖြစ်ပြီး နိုင်ငံတော်၏ အခြေခံအဆောက်အအုံ တည် ဆောက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အကျိုးရှိရှိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေးအတွက် Quality Control Manage-ment System ကို အလေးထားပြီး ဆောင်ရွက်ရန် လိုကြောင်း၊ အဆောက်အအုံဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်စေရန်အတွက် စနစ်တကျ မျှော်တွေးဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ လမ်းများ တည်ဆောက်ရာတွင်လည်း လမ်းအင်္ဂါရပ် သတ်မှတ်ချက်များအပြင် လမ်းမကြီး များဥပဒေနှင့်အညီ လမ်းနယ်များ မှန်ကန်စေရေး စနစ်တကျ သတ်မှတ်ထားရှိရန်လိုကြောင်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခံနိုင်ဝန်ရှိရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ စနစ်တကျ တည်ဆောက်သွားရမည့်အပြင် သဘာဝဘေး အန္တရာယ်ခံနိုင်မှုရှိစေရေးတို့ကိုပါ ထည့်သွင်းစဉ်းစား တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် စီမံကိန်း များ၊ စီမံချက်များ အကောင်အထည်ဖော်ရာတွင် ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အတွက် စနစ်တကျ စိစစ်ချွေတာသုံးစွဲကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းဖေက ဘဏ္ဍာ ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ၊ တင်ဒါစည်းမျဉ်း၊ စည်းကမ်းများ နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြား ရေးမှူးများက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်း လျာထားချက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေ၊ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ထမ်း ရေးရာကိစ္စရပ်များကို တင်ပြကြပြီး ညွှန်ကြားရေးမှူး ချုပ်များက ဦးစီးဌာနအလိုက် စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ ဖြည့်စွက်တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်