​ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    မေ   ၁၀


ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေအတွင်း  လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   ရန်ကုန်- ပဲခူး -  တောင်ငူ - ပျဉ်းမနား - မန္တလေး ပြည်ထောင်စု လမ်းမကြီး  မိုင်တိုင်အမှတ် (၂၂၃/၁) နှင့် (၂၂၃/၂) ကြားရှိ အရှည်ပေ  ၂၁၀  ဆင်သေချောင်း တံတား (ကျောက်ချက်)  တစ်လမ်းမောင်း  သံပေါင်တံတား ဟောင်းနေရာတွင် တံတားဦးစီးဌာန တံတားအထူး အဖွဲ့  (၆)  မှ  ပထမအဆင့်   (၄)  လမ်းသွား  သံကူ ကွန်ကရစ်နှင့် Plate Girder တံတားအသစ် တိုးချဲ့ တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ  တာဝန်ခံအင်ဂျင်နီယာနှင့် တံတားဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်တို့က တံတားတည်ဆောက်ရေး လုပ်ငန်း များ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

 


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုပထမအဆင့် (၄) လမ်းသွား တိုးချဲ့တည်ဆောက် နေသည့်    တံတားသည်    နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ   ပျဉ်းမနား    မြို့ရှောင်လမ်းနှင့် ရန်ကုန် - ပဲခူး - တောင်ငူ - ပျဉ်းမနား - မန္တလေး ပြည် ထောင်စုလမ်းမကြီးနှင့် ဆုံသည့်နေရာတွင် တည်ရှိ ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူး အလေးထား  ဆောင်ရွက်ရန်လိုကြောင်း၊   တံတား တည်ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊    သတ်မှတ်စံချိန်စံညွှန်း များအတိုင်း    အရည်အသွေး       ကောင်းမွန်အောင် တည်ဆောက်ရေး၊ ဖျက်သိမ်းသည့် တံတားအဟောင်း မှရရှိသော သံမဏိသံပေါင် ရက်မများကို စနစ်တကျ  ထိန်းသိမ်းထားရှိရန်၊        ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သော  လမ်း၊  တံတားလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားရန်နှင့် သဘာဝဘေးအန္တရာယ်  ကျရောက်နိုင်သည့်အတွက်         လုပ်ငန်းခွင်တွင်  အသုံးပြုသည့် စက်ယာဉ်ယန္တရားများ ပျက်စီးဆုံးရှုံး  မှု   မရှိစေ‌ရေး  ဘေးလွတ်ရာသို့  ပြောင်းရွှေ့နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားသည်။

 


ထို့နောက် တံတားတည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း    စက်ယန္တာရားများဖြင့်    ယခင်တံတား ဟောင်းကမ်းကပ်ခုံနှင့် ရေလယ်တိုင်များ ဖျက်သိမ်း နေမှု၊  တံတားအသစ်  Bored  Pile  လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်   သံချည်၊     သံကွေးလုပ်ငန်း များ    ဆောင်ရွက်နေမှုတို့ကို     လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 


ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် သို့ လာရောက်ဖူးမြော်ကြည်ညိုကြမည့် အနယ်နယ်  အရပ်ရပ်မှ  ဘုရားဖူးပြည်သူများ  ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် အဆင်ပြေချောမွေ့စွာ ဝင်ရောက် နိုင်ရေးအတွက်     ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၀၃ /၄ (အသွားလမ်း) နှင့် မိုင်တိုင် အမှတ် ၂၀၄ / ၆ (အပြန်လမ်း) တို့တွင် လမ်းလယ် ကျွန်းဖြတ်သည့်  U  Turn  နှင့်  လမ်းညွှန်အမှတ် အသားများ၊ သတိပေးဆိုင်းဘုတ်များ ဆောင်ရွက် ထားရှိမှု၊   မိုင်တိုင်အမှတ်  ၂၀၃/၆  မှ  ၂၀၄/၃ အထိ (အသွားလမ်း) မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  အဝင် / အထွက် နေရာတွင် ယာဉ်အန္တရာယ် ကင်းရှင်း စေရေးအတွက် လက်ရှိ (၂) လမ်းသွား ကွန်ကရစ် လမ်းမှ (၄) လမ်းသွား ကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော် သည့် ဗုဒ္ဓဥယျာဉ်သို့ အဝင်/အထွက် ပြုလုပ်နိုင်သည့်  လမ်းအရှည် ၃၀၈၄ ပေ၊  (၄) လမ်းသွား ကတ္တရာ ကွန်ကရစ်  (AC)  ခင်းပြီးမှု၊  လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ / ယာ သစ်ပင်များ၊ ပန်းအလှပင်များ   စိမ်းလန်းစိုပြည်စွာစိုက်ပျိုးထားရှိမှု၊ လမ်းအသုံးပြုခ ကောက်ခံမည့်  Mini Toll Gate နှင့် လုံခြုံရေးအတွက် စစ်ဆေးရေးဂိတ်များ ဆောင်ရွက်ပြီးစီးမှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက် များကို မှာကြားခဲ့ကြောင်း သိရသည်။   


သတင်းစဉ်