ဆော်ဒီအာရေဗျရှိ ရေနံကုမ္ပဏီ စံချိန်တင်အမြတ်ငွေ ဒေါ်လာ ၁၆၁ ဘီလီယံရရှိ

 

ရီယာ့ဒ်  မတ် ၂၃


ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံကုမ္ပဏီ Saudi Aramco သည် သမိုင်းတွင် သည့် အမြတ်ငွေပမာဏ ကန်ဒေါ်လာ ၁၆၁ ဘီလီယံကို ယမန်နှစ်က ရရှိခဲ့ပြီး  အဆိုပါ အမြတ်ငွေပမာဏသည် ၂၀၂၁ ထက် ၄၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သော   Saudi Aramco ၏   သမိုင်းတစ်လျှောက် တစ်နှစ်တာ အမြတ်အများဆုံးရရှိပြီး စံချိန်သစ်တင်လိုက်ခြင်းဖြစ်သည်။

 


တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ရုပ်သိမ်းပြီးနောက် ကမ္ဘာ့ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာချိန်တွင် စျေးကွက်တွင် ရေနံဝယ်လိုအား မြင့်တက်မည်ကို အခွင့်အခါကောင်းအဖြစ် အဆိုပါ ကုမ္ပဏီက ထုတ်လုပ်မှုတိုးမြှင့်သွားရန်လည်းရှိကြောင်း သိရသည်။

 


“ကြိုတင်သိမြင်နိုင်သော အနာဂတ်ကာလအတွက် ရေနံနှင့်သဘာဝ ဓာတ်ငွေ့သည် မရှိမဖြစ် လိုအပ်နေမည်ဟု  ကျွန်ုပ်တို့ ကြိုတင်ခန့်မှန်းထား သဖြင့် ရေနံလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု  နည်းပါးနေခြင်းကြောင့် စွမ်းအင်စျေးနှုန်းများကို မြင့်တက်စေခြင်း အပါအဝင် အရေးကိစ္စများ တကယ် ရှိနေပါသည်" ဟု Saudi Aramco အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Amin H. Nasser က ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

 


ရေနံဈေးကြီးမြင့်မှုကြောင့် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီများသည် အမြတ်အစွန်းများ စံချိန်တင်မြင့်တက်လာခဲ့သော်ငြားလည်း ယင်း အမြတ်အစွန်းအနည်းငယ်မျှကိုသာ ရေနံနှင့်    သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ပြန်လည် ရင်းနှီးမြှုပ်နှံထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများသည် အနာဂတ်တွင် စွမ်းအင်အကူးအပြောင်း မလွဲမသွေ ဖြစ်လာမည်ကို  အသိအမှတ်ပြုထားသောကြောင့် ရေနံနှင့်  ဓာတ်ငွေ့ ကုမ္ပဏီအများအပြားသည်  သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံခြင်း၊ ရှယ်ယာရှင်များကို   အမြတ်ဝေစုများ   ထုတ်ပေးခြင်းတို့ ပြုလုပ်လာကြပြီး ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းကို အနည်းအကျဉ်းသာ ပြုကြသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်   ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းသည် လောင်စာဆီလိုအပ်ချက် မြင့်မားနေဆဲ ဖြစ်နေချိန်တွင် ဖူလုံမှုမရှိသည့် အဖြစ်ကို ကြုံရမည်ဖြစ်ပြီး ရေနံနှင့်   သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ဆက်လက်မြင့်မားနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

 


ကမ္ဘာ့ကပ်ရောဂါ    ကိုဗစ်ကာလတစ်လျှောက်   လောင်စာဆီသုံးစွဲမှု နည်းပါးခဲ့ပြီး    ရေနံဈေးနှုန်းများ မကြုံစဖူး  ပထမဆုံးအကြိမ်အဖြစ် သုညအောက်သို့ ရောက်ရှိခဲ့ဖူးသည်။ ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ရေနံတစ်စည်ဈေး အနုတ် အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၆၃ အထိ ကျဆင်းခဲ့သည်။ ထိုနှစ်တွင် Saudi Aramco သည်  အမြတ် ကန်ဒေါ်လာ ၄၉ ဘီလီယံ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အမြတ် ကန်ဒေါ်လာ ၁၁၀ ဘီလီယံ ရရှိခဲ့သည်။ ရေနံစိမ်းထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ်တွင် တစ်ရက် လျှင် စည် ၁၁ ဒသမ ၅ သန်းဝန်းကျင်တွင် ထိန်းထားခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် တစ်ရက်လျှင် စည်ပေါင်း ၁၃ သန်းအထိ    ရောက်ရှိရန် ရည်မှန်းထားကြောင်း ကုမ္ပဏီအကြီးအကဲများက ပြောကြားသည်။

 


Saudi Aramco သည် အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် ၂၀၁၉ ခုနှစ်တွင် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်အတွက် ဝင်ငွေအစီရင်ခံစာ ကိုလည်း မကြာမီထုတ်ပြန်သွားမည်ဟု သိရသည်။
 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊