
စစ်တွေ စက်တင်ဘာ ၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(IDPs)များတွင် ခိုလှုံနေကြသည့် အသက် ၄၅ နှစ်နှင့်အထက် ပြည်သူများအား သဲချောင်းကျေးရွာရှိ ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အအုံ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးပေးရာတွင် ဆေးထိုးနှံခြင်း မပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် စစ်တွေ တပ်နယ်မှ ဆေးဝန်ထမ်းများက ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီးနောက်တွင်လည်း မိနစ် ၃၀ ကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့် ပြုကြောင်း သိရသည်။
သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်း ဒဏ်ခံအဆောက်အအုံတွင် အမျိုးသားနှင့် အမျိုး သမီးများကို သီးသန့်ခွဲပြီး အမျိုးသားများကို အဆောက်အအုံအပေါ်ထပ်တွင် လည်းကောင်း၊ အမျိုးသမီးများကို ဒုတိယထပ်တွင်လည်းကောင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များ နှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးသည်။
ဆေးထိုးနှံပေးမှုနှင့် စပ်လျဉ်း၍ သဲချောင်း နေရပ်စွန့်ခွာစခန်းတာဝန်ခံ ဦးမောင်မောင်စိန်က “ကျွန်တော်တို့ သဲချောင်းစခန်းမှာ ဩဂုတ် ၃၀ ရက်က စတင်ပြီး နေရပ်စွန့်ခွာစခန်းအတွင်းက လူဦးရေ ၃၀၀ ကို ထိုးနှံပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ လည်း ဆက်လက်ထိုးနှံပေးနေပါတယ်။ ဒီနေ့ ထိုးနှံပေးတဲ့စာရင်းတော့ မသိရသေးဘူးပေါ့။ ၂၀၀ ကျော် ၃၀၀ လောက်တော့ ထပ်ပြီးထိုးနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီသဲချောင်း နေရပ် စွန့်ခွာစခန်းမှာရှိတဲ့ အသက် ၄၅ နှစ်နဲ့အထက် ပြည်သူအားလုံးကို ထိုးပေးမယ်လို့ ကြားသိရပါ တယ်။ ကျွန်တော်ကတော့ ကာကွယ်ဆေးကို လေးလပိုင်းကတည်းက ထိုးပြီးပါပြီ။ ကာကွယ်ဆေး ထိုးခြင်းအားဖြင့် ကျွန်တော်တို့ တကယ်လို့များ ရောဂါကူးစက်ခံရရင်တောင် အသက်အန္တရာယ် မရှိဘူးလို့ သိရပါတယ်။ ကာကွယ်ဆေးထိုးထားရင် အများကြီး အကျိုးကျေးဇူးရှိတဲ့အကြောင်း ကြားသိရ တဲ့အတွက် ကျွန်တော်တို့စခန်းမှာ နေထိုင်သူတွေကို ကာကွယ်ဆေးထိုးကြဖို့ နှိုးဆော်တိုက်တွန်း ပြော ကြားထားပါတယ်။ ဒီကာကွယ်ဆေးတွေကို ကျွန်တော်တို့စခန်းတွေအထိ လာပြီးတော့ ထိုးနှံပေး တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ တပ်မတော်က ဆေး ဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်အစိုးရကိုလည်း အထူးကျေးဇူးတင်ပါ တယ်”ဟု ပြောသည်။
သဲချောင်း နေရပ်စွန့်ခွာစခန်းတွင်နေထိုင်သူ ဦးအဒူဆလင်ကလည်း “ ဒီကိုဗစ်ကာကွယ်ဆေးကို ထိုးထားခြင်းအားဖြင့် ကိုဗစ်- ၁၉ ရောဂါကို ကာကွယ်နိုင်တယ်။ ရောဂါကူးစက်လာရင်လည်း သေဆုံးနိုင်ခြေနည်းပါးတယ်လို့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ပြောပြထားတဲ့အတွက် ဆေးထိုးဖို့လာတာဖြစ်ပါတယ်။ ကျွန်တော်တို့ နေရပ် စွန့်ခွာစခန်းမှာရှိတဲ့ လူတွေအားလုံး လာရောက် ထိုးနှံကြဖို့ တိုက်တွန်းပါတယ်” ဟုပြောသည်။
သဲချောင်း နေရပ်စွန့်ခွာစခန်းမှ ဆေးလာရောက် ထိုးနှံသည့် ဒေါ်ခိုင်ခင်ဦးကလည်း “ဒီကာကွယ်ဆေး ထိုးထားတဲ့အတွက် ရောဂါကို ကာကွယ်နိုင်တယ်။ သေဆုံးမှုလည်းမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် စခန်းမှာနေထိုင်ကြတဲ့လူတွေလည်း လာရောက်ထိုးနှံ ကြဖို့ ပြောကြားလိုပါတယ်။ ဒီမှာ ဆေးလာထိုးပေးကြ တဲ့ ဆရာဝန်တွေနဲ့ တာဝန်ရှိတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
စစ်တွေမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း များမှ အသက် ၄၅ နှစ်နှင့်အထက် ပြည်သူများအား သက္ကယ်ပြင်ကျေးရွာ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် သက္ကယ်ပြင် နေရပ်စွန့်ခွာ စခန်းများ၌ ဆီနိုဗက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးများကို ဩဂုတ် ၂၈ ရက်မှ စတင်ထိုးနှံပေးလျက် ရှိကာ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော သက်ကြီးရွယ်အိုများအား လိုအပ်သောအကူအညီ များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ အရန် မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာ စခန်း တာဝန်ခံနှင့် တာဝန်ရှိသူများက ပူးပေါင်းကူညီပေး လျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း များနှင့် နေရပ်စွန့်ခွာစခန်းများမှ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် အတွက် ဆီနိုဗက်ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀ ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ သီးသန့် ခွဲဝေချပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။
သတင်း - အေးအေးအောင်
ဓာတ်ပုံ- တင်ထွန်း(ပြန်/ဆက်)