
နေပြည်တော် နိုဝင်ဘာ ၂၉
မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း သဘာဝသယံဇာတ များ တရားမဝင် ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါးများ၊ တရားမဝင် မှောင်ခိုပစ္စည်းများနှင့် လူများ ဖြတ်သန်း သယ်ယူပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ မသင်္ကာ ဖွယ် စက်လှေတစ်စင်း တွေ့ရှိရသဖြင့် သွားရောက် စစ်ဆေးရာ အလျား ၅၉ ပေ၊ ၁ လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်အရွယ် သစ်သားကိုယ်ထည် ဝဒီထွန်း(၅) အမည်ရှိ စက်လှေတစ်စင်းပေါ်တွင် ဘင်္ဂါလီ အမျိုးသား ၇၀၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး စုစုပေါင်း ၂၂၈ ဦးနှင့် လှေလုပ်သား မြန်မာ လူမျိုး အမျိုးသား ငါးဦးတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
လွှဲပြောင်းပေးအပ်မည်
ဖမ်းဆီးရမိသူများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်