
စစ်တွေမြို့ ကြက်ကိုင်းတန်ကျေးရွာရှိ မိုးစပါးစံပြကွက်စိုက်ပျိုးပြသနိုင်ရေးဆောင်ရွက်မှုနှင့် စစ်တွေတပ်နယ်ရှိ
မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၊ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် မြဝတီရုပ်သံလွှင့်တာဝါတိုင်တည်ဆောက်မှု၊
လက်ဝဲသလုံးတော်ဓာတ်စေတီတော် သာသနိကအဆောက်အဦများ ပျက်စီးမှုအား ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇွန် ၆
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ထွဋ်တို့က တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကြက်ကိုင်းတန်ကျေးရွာ၌ တောင်သူပညာပေးမိုးစပါး စံပြကွက် စိုက်ပျိုးပြသနိုင်ရန် စက်မှုလယ်ယာ ဦးစီးဌာနက ထွန်စက်များဖြင့် လယ်ယာများ ထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများကို နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုး လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူ ပညာပေးစံပြစိုက်ကွက်များ စိုက်ပျိုးပြသရန် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် စစ်တွေတပ်နယ်တွင် ဆောင်ရွက် ထားရှိသည့် DYL ဝက်မွေးမြူရေးခြံများနှင့် ဥစား ကြက် မွေးမြူရေးလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဒေသတွင်းစားရေရိက္ခာ ဖူလုံစေ ရေးအတွက် ကုန်ထုတ်လုပ်မှုများ ရာနှုန်းပြည့် ထုတ်လုပ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် မြဝတီရုပ်မြင်သံကြား ထပ်ဆင့် လွှင့် တာဝါတိုင်ကို ၆၅ မီတာ တာဝါတိုင်အသစ် ပြန်လည်တည်ဆောက်ရန်အတွက် ဆောင်ရွက်နေမှု နှင့် ထပ်ဆင့်လွှင့် ရုပ်သံအဆောက်အဦအသစ် ဆောက်လုပ်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေး ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြသကြ သည်။
ယင်းနောက် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့နှင့် တွေ့ဆုံကာ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများကို ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်