စစ်တွေမှ ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်ကုန်တင်ပို့မှု ပြန်လည်စတင်


 

စစ်တွေ   အောက်တိုဘာ   ၁၉


ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အရှိန်မြင့်တက်လာချိန်တွင် ရခိုင်ပြည်နယ်  စစ်တွေမှ ဘင်္ဂလားဒေ့ရှ်သို့  ရေထွက်ကုန် (ရေချိုငါးမြစ်ချင်း) တင်ပို့မှု သုံးလနီးပါး  ရပ်နားထားခဲ့ရာမှ အောက်တိုဘာ ၁၈ ရက်မှ  စတင်၍  နယ်စပ်ရေထွက်ကုန် တင်ပို့မှု ပြန်လည်အသက်ဝင်ခဲ့ရာ ငါးမွေးသူနှင့် ရေလုပ်ငန်းရှင် များ  စီးပွားရေးအခွင့်အလမ်းများ  ပြန်လည်ဖြစ်ထွန်းလာ ကြောင်း သိရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေး၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင်  ကိုဗစ်-၁၉ ရောဂါ   အရှိန်မြင့်တက်လာမှုကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ကုန်စည်တင်ပို့မှု  စတင် ရပ်နားရသည့်    ၂၀၂၁ ခုနှစ်   ဇူလိုင် ၁၅ ရက်မတိုင်မီ ပို့ကုန်မက်ထရစ်     ၅၀၁၀  ဒသမ ၇၀  တန်      တင်ပို့ခဲ့ရပြီး
အမေရိကန်ဒေါ်လာသန်း   ၄ ဒသမ ၇၆၀  ရရှိခဲ့သည်။  ရခိုင်ပြည်နယ် နယ်စပ် ကုန်သွယ်ရေးစခန်းထွက်ပေါက်နှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့    ကြက်သွန်နီ၊   မန်ကျည်းသီး၊   ဆီးသီးခြောက်၊   ငါးသေး ခြောက်မျိုးစုံနှင့်   ရေချိုငါးမြစ်ချင်းကို   အဓိက  တင်ပို့ခဲ့ကြရာ  ရခိုင် ပြည်နယ်၏  ပို့ကုန် တန်ဖိုး ၇၀ ရာခိုင်နှုန်းခန့်မှာ ရေချိုငါးမြစ်ချင်းတင်ပို့မှုမှ အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
   ရပ်နားထားသော ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု ပြန်လည်ဖွင့်လှစ်နိုင်ရန်     ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ     ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါသတ်မှတ်စည်းကမ်းနှင့် အညီ လိုက်နာတာဝန်ယူမှုဖြင့် ခွင့်ပြုခဲ့၍ အောက်တိုဘာ ၁၃ ရက်တွင် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ရခိုင်ပြည်နယ် ကုန်သည်/စက်မှုအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းမှုဖြင့်     နယ်စပ်ကုန်သွယ်ရေး    ပြန်လည်ဖွံ့ဖြိုးရန်  စည်းကမ်းသတ်မှတ်ချက်များကို      ချမှတ်ပြင်ဆင်ကာ      နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများအား   အောက်တိုဘာ ၁၄ ရက်မှ   စတင်၍ ပြန်လည်တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရသည်။
     ထိုသို့တင်ပို့ခွင့်ပြုမှုဖြင့် ရန်ကုန်မြို့မှ ငါးသယ်မော်တော်ယာဉ်များ စစ်တွေမြို့သို့ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းမှစတင်၍ ဝင်ရောက် လာခဲ့ပြီး ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ လိုအပ်သည့်များကို စစ်ဆေးဆောင်ရွက်ကာ  အောက်တိုဘာ ၁၈ ရက်မှစ၍  အောင်မေတ္တာ ရေယာဉ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေချိုငါးမြစ်ချင်း ၄၄ ဒသမ ၈၀ မက်ထရစ်တန်၊  ပို့ကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ  ၅၃၉၀၄  စတင် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။  
သစ္စာ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး