စစ်တောင်းမြစ်ကူး မြစိမ်းရောင်မေတ္တာပေါင်းကူး တံတားတည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီး


 

နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စုနယ်မြေ    နေပြည်တော်   ဒက္ခိဏခရိုင်  လယ်ဝေးမြို့နယ် သဖန်းပင်ကျေးရွာနှင့်    ညောင်ပင်သာကျေးရွာတို့ကို    ဆက်သွယ်ပေးမည့်  ပေ ၁၂၀၀ ရှိ  စစ်တောင်းမြစ်ကူး    မြစိမ်းရောင်    မေတ္တာပေါင်းကူးတံတား တည်ဆောက်မှု ၉ဝ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း  သိရသည်။
မြစိမ်းရောင်  မေတ္တာပေါင်းကူးတံတားကို တာဝန်ယူတည်ဆောက်နေသည့် တံတားဦးစီးဌာန၊   တံတားအထူးအဖွဲ့(၆)မှ  အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဦးသိန်းဦးက  “ကျွန်တော်တို့အနေနဲ့ တံတားတည်ဆောက်မှုအပိုင်းမှာ တံတား တစ်စင်းလုံးရဲ့   တည်ဆောက်ပြီးစီးမှု   ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။ တံတားတည်ဆောက်ရာမှာ အခက်အခဲတွေ အများကြီးတွေ့ခဲ့ရပါတယ်။ Bored Pile တွေ  တူးတဲ့အခါ  ယခင်ကနစ်မြုပ်နေတဲ့ သစ်တုံးတွေ အထပ်လိုက်အထပ် လိုက် တွေ့ရတဲ့အတွက်   တူးဖော်နေတဲ့  စက်ယန္တရားတွေ  ပြတ်ကျတာတွေရှိတယ်။ အဲဒီအတွက်  ရေငုပ်သမားတွေခေါ်ပြီး  သစ်တုံးတွေကို     ခက်ခက်ခဲခဲ    ဖယ်ရှား ခဲ့ရပါတယ်။    ကျွန်တော်တို့အနေနဲ့   လုပ်ငန်းခွင်မှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက  ချမှတ်ထားတဲ့    ကိုဗစ် -၁၉ ကာကွယ်၊  ထိန်းချုပ်ရေး စည်းမျဉ်း၊  စည်းကမ်းချက်တွေနဲ့အညီ  သတ်မှတ်တဲ့ကာလအတွင်း   အပြီးတည်ဆောက် သွားနိုင်အောင်    တည်ဆောက်ရေးလုပ်ငန်းတွေကို    အချိန်နဲ့တစ်ပြေးညီ  ဆောင်ရွက်လျက်ရှိပါတယ်” ဟု  ပြောသည်။       
ယခုတည်ဆောက်နေသည့်   မြစိမ်းရောင်   မေတ္တာပေါင်းကူးတံတားကို  ငွေကျပ်သန်း ၃၃၀၀  အကုန်ကျခံ၍  တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၆) က တာဝန်ယူတည်ဆောက်လျက်ရှိပြီး တံတား အရှည်ပေ ၁၂၀၀၊ ယာဉ်သွားလမ်းအကျယ် ပေ၂၀၊ ယာဉ်တစ်စီး ချင်းခံနိုင်ဝန် တန် ၆၀ ရှိကာ နှစ်လမ်းမောင်းသံကူကွန်ကရစ်  တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့    တံတားဦးစီးဌာနအနေနဲ့  ဒီဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အပ်နှံတဲ့ ရန်ပုံငွေတွေနဲ့ ပေ ၅၀ အထက် တံတားကြီး၊ ငယ် စုစုပေါင်း၂၀၇စင်း တည်ဆောက်နေပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ဆောက်နေတဲ့ ဒီ စစ်တောင်းမြစ်ကူးတံတားက ပေ ၁၂၀၀ ရှိတဲ့ တံတားတစ်စင်း  ဖြစ်ပါတယ်။ ဒီတံတားသစ်ကြီးမပြီးခင် သစ်သား တံတားပေါ်က  နေ့စဉ်ဖြတ်သန်းသွားလာနေကြတဲ့    ပြည်သူတွေရဲ့ သွားလာမှု အဆင်ပြေအောင် စောင့်ကြည့်ကူညီနေပါတယ်။ တံတားကို အသုံးပြုမယ့်   ပြည်သူတွေဟာ တံတားဦးစီးဌာနရဲ့ Coustomer များ ဖြစ်တဲ့အတွက်    တံတားသစ်ကြီး  တည်ဆောက်နေတဲ့  ကာလမှာ သစ်သားတံတားလေးကို  အသုံးပြုနေရတဲ့အတွက် ဒီတံတားလေး ကောင်မွန်ရေးကို  အမြဲမပြတ်စောင့်ကြည့်ပြီး  ဆောင်ရွက်ပေးစရာ ရှိတာတွေကို ဆောင်ရွက်ပေးနေပါတယ်” ဟု  ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းမင်းထွဋ်က ပြော သည်။ 
မြစိမ်းရောင် မေတ္တာပေါင်းကူးတံတားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင်    စတင်တည်ဆောက်ခဲ့ပြီး   ယခုဘဏ္ဍာနှစ်တွင် ဆောက် လုပ်ရေးဝန်ကြီးဌာန၊    တံတားဦးစီးဌာနအနေဖြင့်  တစ်နိုင်ငံလုံးတွင် တည်ဆောက်ပြီး  တည်ဆောက်ဆဲ ပေ ၁၀၀၀ အထက်  တံတား ၃၁ စင်းရှိကာ  ယခုမြစိမ်းရောင် မေတ္တာပေါင်းကူးတံတားသည်   စစ်တောင်း မြစ်ပေါ်တွင် တည်ဆောက်သည့် ၁၀ စင်းမြောက်တံတားဖြစ်ကြောင်း သိရသည်။
မြစိမ်းရောင် မေတ္တာပေါင်းကူးတံတား တည်ဆောက်ပြီးစီးသွားပါက စစ်တောင်းမြစ်   အရှေ့ဘက်ခြမ်းရှိ    ကျေးရွာများသည် ပြည်ထောင်စု နယ်မြေလယ်ဝေးမြို့နှင့် ဆက်စပ်သွားမည်ဖြစ်ပြီး စစ်တောင်းမြစ်အနောက် ဘက်ခြမ်းရှိ   ကျေးရွာများသည်  ရှမ်းပြည်နယ်နှင့်  ကယားပြည်နယ်သို့ ခရီးသွားလာမှု လွယ်ကူလျင်မြန်ကာ အဆိုပါကျေးရွာများမှ ပြည်သူများ၏  လူမှုရေး၊  စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့သည်လည်း  ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။       သတင်း-ဟိန်းမင်းစိုး၊ ဓာတ်ပုံ-SKK