
မုံရွာ မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်း တပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၂၈ ရက်က ဟုမ္မလင်းမြို့ဝင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော် နှင့်တိုင်းဒေသကြီးအနေဖြင့် မြို့ရွာများတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းများကောင်းမွန်စေရန် အလေးထားအကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်က ဖွင့်လှစ် သည့် ကွန်ကရစ်လမ်းသည် သက္ကယ်ကျင်း-ဖောင်းပြင်- ဟုမ္မလင်း-ခန္တီးလမ်းပေါ်ရှိ အရေးပါသည့် လမ်းတစ်လမ်း ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့မှသာ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှု စီးပွားဘဝ လျင်မြန်စွာ မြင့်မားလာစေမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသူရစိုးက ဟုမ္မလင်း မြို့ဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နေပြည်သူ များကိုယ်စား ဦးထွန်းစီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးနှင့် မြို့မိမြို့ဖ ဦးကျော်စွာလွင်တို့က ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းကို ကြည့်ရှုစစ်ဆေးကာ ရှမ်းရိုးရာ အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြ သည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်တစ်မိုင် ခြောက်ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထုကိုးလက်မဖြစ်ပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် စုစုပေါင်း ၆၅၀ ဒသမ ၉၁၄ သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ် နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင် ရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေးအဖွဲ့ တည်ဆောက်ရေး - ၂ မှ တာဝန်ခံအင်ဂျင်နီယာက တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ပြီးစီးမှုနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့် အနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူလူထုအား လျှပ်စစ်မီး ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ကာလတွင် ပြီးစီးအောင် ဆောင်ရွက်စေလိုပါကြောင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ သတ်မှတ်အရည်အသွေးများနှင့် စံချိန် စံညွှန်းကိုက်ညီစွာ တည်ဆောက်ရေး၊ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စေတနာထားဆောင်ရွက် ရေးတို့နှင့်ပတ်သက်၍ အသေးစိတ်မှာကြားကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)