
နေပြည်တော် ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရေမြက်ကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက်သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ယနေ့မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး ခဲ့ရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက်သမားများနှင့် PDF အမည်ခံအကြမ်းဖက်သမား ခေါင်းဆောင်အချို့ပါဝင် သည့် အင်အား ၁၀၀ ခန့်သည် ရေဦးမြို့နယ် ရေမြက်ကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အစည်းအဝေးပြုလုပ်ရန် စုဝေးနေကြောင်းကို တည်ငြိမ်အေးချမ်းမှုကို လိုလား သော ကျေးရွာသူ ကျေးရွာသားအချို့က လျှို့ဝှက်သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အစည်းအဝေး ပြုလုပ်သည့်နေရာကို မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် စီးနင်းဝင်ရောက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သမား များအနေဖြင့် ကျေးရွာ၏အရှေ့တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ ပြည်သူနှင့် ၎င်းတို့၏နေအိမ် အဆောက်အဦများ ထိခိုက်မှုမရှိစေရေး သတိပြုရှောင်ရှားဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်စဉ်တွင် ကျေးရွာသူ ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်သမား လေးဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ တစ်လုံးထိုးသေနတ် သုံးလက်၊ လက်ပစ်ဗုံး သုံးလုံး၊ လက်လုပ် လက်ပစ်ဗုံး ၂၃ လုံး၊ လက်လုပ်မိုင်းကြီး သုံးလုံး၊ အမ်-၂၂ ကျည် ၄၄၄ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၉ တောင့်၊ လျှပ်စစ်ဒီတိုနေတာ အချောင်း ၃၅၀၊ ယမ်းကြိုးခွေ သုံးခွေ၊ ယမ်းမှုန့် လေးပိဿာ၊ လက်လုပ် သုံးချောင်းထောက်စင် တစ်ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့ အတွင်း ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်း တည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့ များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်