
နေပြည်တော် ဇန်နဝါရီ ၂၈
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက် ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ များနှင့်ပူးပေါင်း၍ နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး အရာတော်မြို့နယ် သလဲဘာကျေးရွာအနီး နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား များက ကျေးရွာ၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ နေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ည ၁၁ နာရီ မိနစ် ၅၀ ခန့် တွင် ကျေးရွာ၏တောင်ဘက်ရှိ လူနေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကာ အဆိုပါအကြမ်းဖက်သမား များ၏ မီးရှို့မှုကြောင့် နေအိမ် အလုံး ၈၀ မီးကူးစက် လောင်ကျွမ်းပျက်စီးခဲ့ရပြီး ဆင်ခြင်တုံတရားမဲ့စွာ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်မှုကြောင့် သက်တော် ၈၃ နှစ်၊ ဝါတော် ၁၀ ဝါရှိ ဘုန်းတော်ကြီး တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကျေးရွာနေ အမျိုးသား ငါးဦး၊ အမျိုးသမီး သုံးဦး သေဆုံးခဲ့ကာ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် မီးဘေးသင့်ပြည်သူများ သည် နီးစပ်ရာ ကျေးရွာဘုန်းတော်ကြီးကျောင်း များ၊ စာသင်ကျောင်းများ၊ ဆွေမျိုးများ၏ နေအိမ် များ၌ နေထိုင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်